တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ လေပြင်း တိုက်နိုင်
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ လေပြင်းတိုက် တာတွေ၊ မိုးကြီးတာတွေနဲ့ မိုးကြိုးပစ် တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
-
2017-04-22 -
-
-
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ လေပြင်းတိုက်တာတွေ၊ မိုးကြီးတာတွေနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အနောက်လေပွေလှိုင်းနဲ့အတူ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေတာကြောင့် ညနေပိုင်းတွေမှာ လေပြင်းတိုက် တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"အနောက်ဘက်ကနေလာတဲ့ လေပွေလှိုင်းကတော့ ဒီအချိန် မြန်မာနိုင်ငံအထက်ပိုင်းတွေကို ဖြတ်ပြီးတော့ မှ စစ်ကိုင်းတိုင်းဘက်မှာ မိုးရွာတယ်ပေ့ါလေ။ အခုအနေအထားအရ သူက သာမာန်အားကောင်းနေတဲ့ အနေထားလေးရှိတယ်။ အားကောင်းနေတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံ အလယ်ပိုင်းအထိက သူက ဖြတ်သွားပြီးတော့ အလယ်ပိုင်းတွေမှာပါ၊ မိုးရွာနေတဲ့ အနေထားလေးပေါ့။ အနောက်လေပွေလှိုင်းနဲ့ အတူ တိမ်တိုက်တွေလည်းပါတာပေါ့လေ။ အဲဒီမှာလည်း မိုးတိမ်တောင်တွေပါတယ်။ မိုးတိမ်တောင်တွေ ပါတဲ့အတွက်ကြောင့်မို့လို့ ညနေပိုင်းတွေမှာ ရွာတဲ့အချိန်မှာ လေပြင်းတိုက်တဲ့ဖြစ်စဉ်တွေ၊ မိုးကြိုးပစ် တဲ့ဖြစ်စဉ်တွေ ဒီဟာလေးတွေ ဖြစ်တာပေါ့နော်"
ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေ မှာ နောက် ၃ ရက်လောက်အထိ မိုးရွာတာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင် တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
ဧပြီလ ၂၁ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးမှာ မိုးများပြီး လေပြင်းတိုက်တာတွေ၊ နေပြည်တော်မှာ မိုးသီးကြွေတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း တိုင်းနဲ့ ပြည်နယ် ၁ဝ ခုမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ အဲဒီမိုးတိမ်တောင်တွေကြောင့် လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ မိုးသိးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။