တစ်ပြည်လုံးမှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေ ယာယီပိတ်

တစ်နိုင်ငံလုံးမှာ လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်ကျောင်းတွေအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ပြင်ဆင်ထားတဲ့ ရန်ကုန်မြို့၊ အလုံမြို့နယ် အ.ထ.က (၄) ကျောင်းကို ၂ဝ၂ဝ ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့စဉ် ဓာတ်ပုံ - သန့်ဇင်ဦး/ RFA

တစ်နိုင်ငံလုံးမှာ လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်ကျောင်းတွေအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပြည်တွင်းကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ဒီလို ဆုံးဖြတ်လိုက်တာလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက RFA ကို အတည်ပြုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း  အဲဒီ ညွှန်ကြားချက်အတိုင်း ရန်ကုန်တိုင်းထဲက အထက်တန်းကျောင်း ၄၀၈ ကျောင်း နဲ့ ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကို မနက်ဖြန်ကစပြီး ယာယီပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ RFA ကို ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဟိုပင်ကလည်း ပညာရေးဝန်ကြီးဌာနက ဖုန်းနဲ့အသိပေးလာတဲ့အတွက် တနင်္သာရီတိုင်းထဲမှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေ အားလုံးကို ပိတ်ထားမယ်လို့ RFA ကို ပြောပါတယ်။

ဇူလှိုင်လ ၂၁ ရက်နေ့ကစပြီး ဖွင့်ခွင့်ပြုထားတဲ့ အခြေပညာ အထက်တန်းတွေကျောင်းတွေ အားလုံးကို ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ပိတ်လိုက်တာဖြစ်ပြီး ဘယ်နေ့အထိဆိုတာတော့ မသိရသေးဘူးလို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ရုတ်တရက် တိုးလာလို့ စာသင်ကျောင်းတွေ ပိတ်ထားသလို နေအိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org