တာမွေဒေသခံတွေနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ တွေ့ဆုံ

ပြည်သူတွေ သမ္မတအဖြစ် မြင်တွေ့လိုသူ ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ အဖြစ် မတင်မြှောက် နိုင်တာကြောင့် နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင်မြောက်ခဲ့ရတာဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီကနေ့ တာမွေမြို့နယ်ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် နတ်ချောင်းအားကစားကွင်းမှာ ဧပြီလ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံစဉ် Photo: Zarni Htun/RFA

ပြည်သူတွေ သမ္မတအဖြစ် မြင်တွေ့လိုသူကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတအဖြစ် မတင်မြှောက် နိုင် တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင်မြောက်ခဲ့ရတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီကနေ့ တာမွေမြို့နယ်ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

သမ္မတအဖြစ် မတင်မြှောက်နိုင်ခဲ့ပေမယ့် မဲဆန္ဒရှင်ပြည်သူတွေ အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုရနိုင်အောင် ကြိုးစားခဲ့ကြတာဖြစ်တယ်လို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူတွေ တာမွေ မြို့နယ်မှာ တွေ့ဆုံစဉ် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောခဲ့တာ ဖြစ်ပါတယ်။

"မဲဆန္ဒရှင်မိဘပြည်သူတွေ နိုင်ငံတော်သမ္မတကို ဘယ်သူ့ကိုဖြစ်စေချင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်၊ သို့သော်လည်း ဖွဲ့စည်းပုံရဲ့ အခြေအနေ အကန့်အသတ်ကြောင့် ကျနော်တို့မပေးနိုင် ခဲ့ဘူး၊ ကျေနပ်မှု ရာခိုင်နှုန်း အပြည့်အဝမရှိတောင်မှ နောက်တစ်ခုက လုံးလုံးလျားလျားကြီး ဘဝင်မကျတောင်မှ အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုရှိအောင် ကျနော်တို့ တော်တော်လေး ကြိုးစားတဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေဆိုတာ ကျနော်တို့က ပြဌာန်းခဲ့ပါတယ်"

NLD အစိုးရအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်ဖို့ပြောကြားထားပေမယ့် အကောင် အထည် ပေါ်ပေါက်မလာသေးတဲ့အပေါ် ပြည်သူတွေက အားမလိုအားမရဖြစ်နေတာကို ကြားသိနေရကြောင်းနဲ့ လက်ရှိအချိန်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ လွှတ်တော်မှာပြင်ဆင်ဖို့ကြိုးပမ်းနေဆဲဖြစ်တဲ့အတွက် အကောင်အထည် မပေါ်သေးတာဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ပြည်သူတွေကို ရှင်းပြခဲ့ပါတယ်။အဲ့ဒီ တွေ့ဆုံပွဲမှာ တက်ရောက်လာသူတွေက လမ်းတွေပြုပြင်ပေးဖို့၊ ကားလမ်းကြပ်တာတွေ ဖြေရှင်းပေးဖို့၊ ရေကြီးရေလျှံမှုတွေ ကို ဖြေရှင်းပေးဖို့နဲ့ အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ကြပါတယ်။ မဲဆန္ဒရှင်တွေရဲ့ တင်ပြမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်ပေးဖို့ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org