ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို အဂတိအမှု ငါးမှု ထပ်တိုး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့ကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ နဲ့ အမှုသစ် ငါးမှု ထပ်တိုးလိုက်တယ်လို့ နေပြည်တော် အထူးတရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
အခုထပ်တိုးလိုက်တဲ့ အဂတိအမှုအသစ် ငါးမှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ ရဟတ်ယာဉ်အသစ်တစ်စီး ဝယ်ယူတဲ့ကိစ္စတွေနဲ့ ပတ်သက်တဲ့ အမှုတွေ လို့ ဆိုပါတယ်။
အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်က အရေးယူထားတဲ့ အမှု ၁၁ မှု ရှိတာကြောင့် လက်ရှိ ထပ်တိုး တဲ့ အမှုတွေနဲ့ပါဆိုရင် အမှုပေါင်း ၁၆ မှု ရှိပြီဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရှေ့နေကိုယ်စားလှယ်စာ (ပါဝါ) တင်ရမှာဖြစ်ပေမယ့် ရှေ့နေတွေအနေနဲ့ ဘယ်အမှုအတွက် ဘယ်သူတာဝန်ယူမယ်ဆိုတာ တိုင်ပင်နေဆဲဖြစ်လို့ ရှေ့နေကိုယ်စားလှယ်စာ မတင်သေးနိုင်ကြောင်း တရားရုံး ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတင်ပြချက်ကို တရားရုံးက လက်ခံခဲ့ပြီး ရှေ့နေကိုယ်စားလှယ်စာ တင်ဖို့အတွက် နောက်တစ်ပတ် သောကြာ ဇန်နဝါရီလ ၂၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ဆိုပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကစွဲဆိုထားတဲ့ အဂတိအမှု ငါးမှုထဲက ရာဇသတ်ကြီး အမှု အမှတ် ၃၊ ၄ နဲ့ ၂၅ အမှုတွေအတွက် တရားလိုပြသက်သေဖြစ်တဲ့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်မာချို ကို စစ်ဆေးခဲ့ပါတယ်။
အဲဒီအမှုတွေအတွက်လည်း ဇန်နဝါရီလ ၂၁ ရက်နေ့ကိုပဲ ပြန်လည်ချိန်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၆ ခုနဲ့ တရားစွဲခံခံထားရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှုနဲ့ပတ်သက်ပြီး ထပ်မံတရားစွဲအရေးယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။
ဒီအမှုအားလုံးအတွက် ဥပဒေမှာ ပြဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကိုသာ စစ်ကောင်စီဘက်က ချမှတ်ခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စုစုပေါင်း ထောင်ဒဏ် အနှစ် ၁၆၀ ကျော်အထိ ကျခံရဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စွဲဆိုထားတဲ့ အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရပြီး ဖြစ်ပါတယ်။