ကယားပြည်နယ်က ဖမ်းဆီးခံ အမျိုးသမီးတွေနဲ့ ကလေးတွေ ပြန်မလွတ်သေး
2021.05.16
ကယားပြည်နယ်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံရသူတွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒေသခံ အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က အမျိုးသမီးနဲ့ ကလေးငယ်တွေကို စစ်ကောင်စီ ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့လုပ်ရပ်ဟာ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးအခွင့်အရေးကို ချိုးဖောက် တာဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မမီးမီးက ပြောပါတယ်။
"သူတို့ရဲ့ လုပ်ရပ်အပေါ်မှာ ရှုတ်ချတယ်။ သူတို့ ဖမ်းနေချိန်မှာ ဒါကလေးဆိုတာ သူတို့သိရဲ့သားနဲ့ သက်သက်မဲ့ဆွဲခေါ်သွားတာ သူတို့ရဲ့ ကလေးအခွင့်အရေးဆိုတာလည်း သူတို့ နားမလည်ဘူး။ နားမလည်တဲ့အတွက် ကလေးအခွင့်အရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို ကျမတို့အနေနဲ့ ရှုတ်ချတယ်ပေါ့နော"
မေလ ၁၂ ရက်နေ့ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ သပိတ်စစ်ကြောင်းဖြိုခွဲချိန် အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်မပြည့် သေးတဲ့ ကလေး နှစ်ဦးပါပါတယ်။
နောက်နေ့မှာတော့ အသက်မပြည့်သေးတဲ့သူတွေ အပါအဝင် အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား နှစ်ဦး ပြန်လွတ်လာခဲ့ပြီး ကျန်တဲ့ အမျိုးသမီး ခြောက်ဦးဟာ ပုဒ်မ ၅၀၅(က)ကနဲ့ တရားစွဲခံထားရပါတယ်။
အဖမ်းခံနေရတဲ့ အမျိုးသမီး ခြောက်ဦးကို ပြန်လည်လွတ်မြောက်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ဘက်ကနေလည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ KSCC ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ကျန်တာ ခြောက်ယောက်ပဲ ကျန်တယ်ပြောပါတယ်။ ကျန်တဲ့သူတွေကို ဥပဒေကြောင်းအရ ကျနော်တို့က ဥပဒေပညာရှင်နဲ့ သွားဖို့လုပ်ထားတာရှိတယ်”
အမျိုးသမီး ခြောက်ဦးဟာ ပုဒ်မ ၅၀၅ ( က ) နဲ့တရားစွဲခံခဲ့ရပြီး မေလ ၁၄ရက်နေ့ ညနေမှာ ရုံးထုတ်ခဲ့ပါတယ်။
ရုံးထုတ်တာကို သွားတွေ့ဖို့ တရားစွဲခံရတဲ့ အမျိုးသမီးတစ်ဦးရဲ့ သမီးက ကြိုးစားပေမယ့်လည်း တွေ့ခွင့်မရလိုက်ဘူးလို့ ပြောပါတယ်။
"ညီမတို့ ဒီတရားရုံးချုပ်လိုက်သွားတော့ အမေတို့က ထောင်ကားထဲထည့်လိုက်ပြီ ညီမတို့ မျက်နှာလေး တောင် မမြင်လိုက်ရဘူး။ ရုံးထုတ်လိုက်တယ်တဲ့ တစ်ချက်စစ်မေးလိုက်တယ်။ တရားရုံးချုပ်မှာ။ စစ်ပြီး တော့ ညီမတို့ရောက်တဲ့အချိန်မှာ အချုပ်ကားထဲ အကုန်ထည့်ပြီးလိုက်ပြီလေ။ အဲရှေ့နေမ မေးတာ စခန်းမှူးကို ဘယ်ကိုပို့မှာလဲဆိုတော့ စခန်းပဲပြန်ချမှာ အဲလိုပြောတာ။ အဲဒါ စခန်းထဲမှာ သွားစောင့်နေတာ နောက်ဆုံးတော့ ထောင်ထဲပို့လိုက်တယ်တဲ့။ အမေ့မျက်နှာကို မမြင်လိုက်ရဘူး။ ဘာမှသတင်းတွေလည်း မကြားရ မသိရဘူး"
သူတို့ကို ဘာကြောင့် ပုဒ်မ ၅၀၅ ( က ) နဲ့တရားစွဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပေမယ့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်လို့ သူက ဆက်ပြောပါတယ်။
တရားစွဲခံထားရတဲ့နောက်ထပ် အမျိုးသမီးတစ်ဦးရဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့မိခင်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်နေပါတယ်။
"တောင်းဆိုချင်တာကတော့ သူတို့အားလုံးကို ပြန်လွှတ်စေချင်တယ်ပေါ့နော။ သူတို့ ဘာအပြစ်ကြီး ကြီးမားမားရှိလို့ အဲလိုစွဲချက်တင်တာလဲပေါ့နော။ ဒီသပိတ်လိုက်လို့ လုပ်တာလား အဲလိုပြောချင် တယ်ပေါ့နော။ ပြီးတော့ အကုန်လုံး ပြန်လွှတ်စေချင်တယ်ပေါ့နော။ ဘေးကင်းကင်းနဲ့ ပြန်လွှတ်စေချင် တယ်ပေါ့နော"
ဖမ်းဆီးထားသူတွေကို လွိုင်ကော်မြို့နယ်တရားရုံးချုပ်မှာ စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ်ရုံးချိန်းကို မေလ၂၆ ရက်နေ့မှာလုပ်မယ်လို့ သတ်မှတ်ထားပါတယ်။ ဧပြီလ ၃၀ ရက်နေ့ ဖရူဆိုမြို့ အဝင်ဂိတ်မှာ စွမ်းရည်မြှင့်သင်တန်းကပြန်လာတဲ့ လူငယ် ၇၄ ဦးဟာလည်း အဖမ်းခံထားရပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ် ငါးဦးပါဝင်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။