လုပ်အားခတိုးတောင်းတဲ့အလုပ်သမားခေါင်းဆောင် နှစ်ယောက် အဖမ်းခံရ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
-
RFA Burmese
2023-06-16 -
-
-
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်အားခတိုးပေးဖို့အပြင် အလုပ်သမားအခွင့်အရေးတွေ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
စစ်ကောင်စီက ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ဖမ်းဆီးသွားတာလို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့် က ပြောပါတယ်။
"မသီတာဝင်းကို ဇွန်လ ၁၄ ရက်နေ့ညနေပိုင်းက သူ့အိမ်မှာ စစ်ကောင်စီက ဝင်ဖမ်းတယ်၊ နေအိမ်ကိုလည်း ရှာဖွေတာတွေလုပ်တယ်၊ နောက်ထပ်အလုပ်သမားခေါင်းဆောင် ကိုလှိုင်ဝင်းထက်ကိုလည်း ဇွန်လ ၁၅ ရက်နေ့ညနေက စက်ရုံလုပ်ငန်းခွင်မှာ ဝင်ဖမ်းတယ်"
ဖမ်းဆီးခံရတဲ့ အလုပ်သမားခေါင်းဆောင်းနှစ်ဦးဟာ မိသားစုနဲ့အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့လည်း သူက ပြောပါတယ်။
အဲဒီအထည်ချုပ်စက်ရုံဟာ ထိုင်းနိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာမြို့နယ် ၁၇ ရပ်ကွက် စက်မှုဇုန် ၅ မှာရှိပြီး အလုပ်သမား ၅၀၀ ဝန်းကျင် လုပ်ကိုင်နေတာဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ အခုလက်ရှိ တစ်ရက်လုပ်ခ ကျပ် ၄၈ဝဝ ရရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကတည်းက လုပ်အားခ တစ်ရက် ၁၂၀၀ ကျပ်ထပ်တိုးပေးဖို့၊ ရက်မှန်ကြေး ကျပ် နှစ်ထောင် တိုးပေးဖို့၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အလုပ်ရှင်က ကာကွယ်ပေးဖို့၊ သောက်ရေမသန့်ရှင်းတာတွေကို စက်ရုံဘက်က စီစဉ်ပေးဖို့၊ မိုးရာသီမှာ လျှောက်လမ်းတွေ မိုးလုံအောင်ပြုပြင်ပေးဖို့အပါအဝင် အချက် ၂၅ ချက်ကို အလုပ်သမားတွေ တောင်းဆိုနေကြတာပါ။
၁၀ ရက်ကြာတောင်းဆိုနေတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်က စစ်ကောင်စီထံတိုင်ကြားပြီး အလုပ်သမားခေါင်းဆောင်နှစ်ဦးကို အခုလို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ တောင်းဆိုချက်တွေမရတဲ့အပြင် ကျန်ရှိတဲ့အလုပ်သမားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးဖို့ ဖိအားပေးနေတာကြောင့် ဇွန်လ ၁၆ ရက်နေ့မှာ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်နေကြတယ်လို့လည်း မမိုးစန္ဒာမြင့်က ပြောပါတယ်။
ဇွန်လ ၁၄ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခုနစ်ဦး အလုပ်ထုတ်ခံရပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အမျိုးသမီး မသူသူစံ ဖမ်းဆီးခံခဲ့ရပါတယ်။