ရန်ကုန် ရွှေပြည်သာမှာ နှစ်ရက်အတွင်း လူငယ်ခုနစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2023.07.04
ရန်ကုန် ရွှေပြည်သာမှာ နှစ်ရက်အတွင်း လူငယ်ခုနစ်ဦး ဖမ်းဆီးခံရ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၂ ရက်ကနေ ၃ ရက်နေ့အထိ နှစ်ရက်အတွင်း အာဏာရှင်ဆန့်ကျင်ရေး စာသားချိတ်ဆွဲတဲ့ လူငယ်နှစ်ဦးအပါအဝင် စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာမြို့ခံတွေက RFA ကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ် ၁၁ ရပ်ကွက် အ.လ.က (၉) စာသင်ကျောင်းတံခါးမှာ “ကျောင်းသားထု သွေးနှင့် ရေးသော ၇-၇-၆၂ မမေ့ကြနဲ့” စာသားပါ ဆိုင်းဘုတ်ကို ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းမှာ လူငယ်တချို့က လာရောက်ချိတ်ဆွဲစဉ် အာဏာပိုင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့လို့ လူငယ်နှစ်ဦး ဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်အရွယ် မောင်ဖြိုးသော်ထွန်းနဲ့ မအိန္ဒြေဦးတို့ ဖြစ်ပါတယ်။

နောက်တစ်ရက်မှာလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက် မြတ်လေးလမ်းက အဆောင်တစ်ခုမှာ နောက်ထပ် အမျိုးသားလူငယ် ငါးဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာမြို့ ဒေသခံတွေက ပြောပါတယ်။

နောက်ရက်မှာ အဖမ်းခံရသူတွေဟာ ပထမ ဖမ်းဆီးခံရသူ နှစ်ဦးနဲ့ ဆက်စပ်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ ရွှေပြည်သာ မြို့ခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“တစ်ခုရှိတာက မဖမ်းခင်ညက အဲဒီ ၁၉ ရပ်ကွက်မှာ ရပ်ကျေးအဖွဲ့က ဧည့်စာရင်းစစ်တာ ရှိခဲ့တယ်။ နောက်မနက် လာဖမ်းတာ ကြားရတယ်ဆိုတော့ ဆက်စပ်နေမလားတော့ မပြောတတ်ဘူးခင်ဗျ”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဇွန်လ ၁၉ ရက်နေ့က ပန်းပန်သူတွေ၊ ပန်းသပိတ် ပြုလုပ်သူတွေနဲ့ လူမှုကွန်ရက်မှာ မွေးနေ့ဆုတောင်း သူတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၃ ရက် စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉,၃၁၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၆၄၅ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။