ရေစကြိုက ရွာတွေထဲ နေအိမ်တွေ မီးရှို့ခံရ၊ မသန်စွမ်း တစ်ဦး အပါအဝင် နှစ်ဦး သေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ကျေးရွာတွေထဲကို ဧပြီလ ၂ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်ခဲ့ပြီးနောက် အိမ် အလုံး ၂ဝ မီးရှို့ခံလိုက်ရသလို လက်ရှိလည်း တစ်ရွာဝင်တစ်ရွာထွက် အိမ်တွေ မီးရှို့နေ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ ရွာပေါင်း လေးဆယ်လောက်ရှိပြီး ဒီနေ့မနက်ကလည်း နောက်ထပ် ရွာတွေထဲ စစ်ကောင်စီတပ်တွေ ဝင်နေလို့ ရေလယ်ကျွန်းတစ်နယ်လုံးက ဒေသခံ တစ် သောင်းကျော်လောက် ထွက်ပြေးနေရတာလို့ သိရပါတယ်။
"တစ်နယ်လုံး၊ တစ်ရွာမကျန်လိုက်ပြီး ပိုက်စိတ်တိုက်ပြီး လိုက်မီးရှို့တဲ့ရွာတွေရှိတယ်”
စစ်ကောင်စီတပ်သားတွေက ဘုန်းကြီးကျောင်းကအစ ရိုက်ခွဲဖျက်ဆီးပြီး မီးရှို့သွားတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ရေလယ်ကျွန်းဒေသခံက ပြောပါတယ်။
“ရေလယ်ကျွန်းဒေသကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာတယ်။ တစ်ကြောင်းက ဆင်ခြေရွာဘက်ပေါ့။ အဲဒီစစ်ကြောင်းက မင်းလှရွာကိုရောက်ပြီး မီးရှို့နေကြတယ်။ လက်ရှိကို ရှို့နေတာ။ အလယ်ကနေဝင်လာတဲ့ စစ်ကြောင်းကကျတော့ မနေ့ကတုန်းက မီးလောင်ကျွန်း တောင်ဘက်ရွာကို နေအိမ် ၁ဝ လုံး လောက် မီးရှို့သွားတယ်။ ဘုန်းကြီး ကျောင်းကအစ အကုန်လုံးရိုက်ခွဲပြီး ဖျက်ဆီးသွားတယ်။ စစ်ရှောင်တွေရဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေရော အကုန်လုံး သိမ်းသွားကြတယ်”
မီးလောင်ကျွန်းရွာတောင်ဘက်က အသက် ၆ဝ ကျော် မသန်စွမ်းသူ ဦးမြင့်နဲ့ ခြံယာ ကျေးရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်မြမွှေးတို့ကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မီးလောင်ကျွန်းရွာက အိမ် ၁ဝ လုံး၊ လှေခုတ်ရွာက အိမ်ခြောက်လုံး၊ မိဖုရားရွာက အိမ် နှစ်လုံး၊ ခြံယာရွာက အိမ်နှစ်လုံးတို့ဟာ ဧပြီ ၂ ရက် မနေ့က မနက် ၈ နာရီဝန်းကျင်က မီးစရှို့ခံခဲ့ရပြီး ဒီနေ့လည်း မီးရှို့ခံရတဲ့ရွာတွေရှိနေသေးတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွန်းတောင်ဘက်က ပေါက်တောရွာကိုလည်း ဒီမနက် စစ်ကြောင်းတစ်ကြောင်း ဝင်ပြီး မီးရှို့နေသလို ဘိုကုန်းရွာ၊ တောင်ရွာနဲ့ ဖြုံဘူးရွာတို့လည်း မီးရှို့ခံနေရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ရေလယ်ကျွန်းဒေသခံက ပြောပါတယ်။
ဒီမနက်ပိုင်းက နောက်ထပ်ရွာတွေထဲ ဝင်ရောက်လာပြီး ထပ်မံမီးရှို့ခံရတဲ့ အိမ်အလုံး အရေအတွက်ကိုတော့ RFA အနေနဲ့ မသိရသေးပါဘူး။
ရေလယ်ကျွန်းဒေသမှာ လတ်တလော တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ ရေလယ် ကျွန်း ဒေသခံက ပြောပါတယ်။
“မနေ့ကတုန်းက ဘာအခြေအနေမှ မရှိဘူးဗျ။ သူတို့ဘာသူတို့ စစ်ကြောင်းထိုးတာ။ သိရသလောက် အခုစစ်ကြောင်းက နေပြည်တော်ကနေ လာတဲ့ပုံစံမျိုး သိထားတယ်။ အင်အားက တပ်ရင်းတစ်ရင်းစာလောက်ရှိမယ်လို့ ခန့်မှန်းတယ်။ လောလောဆယ် ရေလယ်ကျွန်းတောင်ဘက်က နှစ်ကြောင်းကိုပဲ ၁၅ဝ လောက်ရှိတယ်။ ကျန်တဲ့ တစ်ကြောင်းက ၆ဝ၊ ၇ဝ ဝန်းကျင် ရှိမယ်ထင်တယ်ဗျ”
ရေလယ်ကျွန်းဒေသက ကျေးရွာတွေဟာ ဒေသကာကွယ်ရေးတပ် PDF တွေရဲ့ လုံခြုံရေး စောင့်ရှောက်မှုတွေနဲ့ CDM ကျာင်းဆရာ၊ ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခု နှစ်ဆန်းပိုင်းလောက်ကစပြီး အုပ်ချုပ်ရေးသီးသန့်ဖြစ်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
အဲဒီဒေသကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကြာမကြာ ဝင်နေတာလည်းဖြစ်ပါတယ်။
ဒေသခံတွေဟာလည်း အိုးပစ်၊ အိမ်ပစ် စွန့်ခွာပြေးနေရတယ်လို့ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ရေလယ်ကျွန်း ဒေသခံတစ်ယောက်က ပြောပါတယ်။
“မနေ့က သူတို့တက်လာတာနဲ့ ရေလယ်ကျွန်းတစ်ကျွန်းလုံး ပြေးနေရတာ။ တောင်နဲ့ မြောက်နဲ့ ညှပ်ပြီးလာတော့လေ။ လူဦးရေ နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ တစ်နယ်လုံး၊ တစ်ရွာမကျန်လိုက်ပြီး ပိုက်စိတ်တိုက်ပြီး လိုက်မီးရှို့တဲ့ရွာတွေရှိတယ်”

နေအိမ်တွေ မီးရှို့ခံရတာ၊ ဒေသခံနှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ RFA က သီးခြားအ တည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီလို နေအိမ်မီးရှို့တာတွေ က သူတို့လက်ချက် မဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကလည်း ရေလယ်ကျွန်းဒေသက နွယ်နီ၊ ကျွန်းညို၊ နဘေး၊ ခြံယာ စတဲ့ ရွာလေးရွာဟာလည်း စစ်ကောင်စီတပ်သားတွေရဲ့လက်ချက်နဲ့ အိမ် အလုံး ၂၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Data For Myanmar အဖွဲ့ရဲ့ စာရင်းအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်း တွေက မီးရှို့လို့ ပျက်စီးသွားတဲ့ နေအိမ်ပေါင်း ၇၉၇၃ လုံးရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ မကွေးတိုင်းက နေအိမ် ၁၂၈၇ လုံးနဲ့ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။