ခွင့်ပြုမိန့်မရှိပဲ အထပ်မြင့်တွေ ဆောက်နေတာ စည်ပင်က မတားနိုင်
ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက် အအုံတွေ ဆောက်လုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောက် လုပ်နေကြတာဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက ကန့်သတ်ပိုင်ခွင့်မရှိကြောင်း စည်ပင်ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်က ပြောကြား လိုက်ပါတယ်။
-
2016-01-22 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်နေကြတာဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန့်သတ်ပိုင်ခွင့် မရှိကြောင်း စည်ပင်ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေ တာနဲ့ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။
"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဖွဲ့စည်းပုံအရပြောမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုတာဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ လက်ထက်တုန်းကဆိုရင် ရန်ကုန်မြို့ကြီးကို မြို့တော်ဝန် တိုက်ရိုက်စီမံခန့်ခွဲပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် အလျင်အမြန်နဲ့ အရှိန်အဟုန်နဲ့ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်၊ ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့နောက်ပိုင်း အစိုးရသစ် ရဲ့လက်ထက်မှာကျတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လက်အောက်ကို ရောက်ရှိသွားတာဖြစ်ပါတယ်၊ အဲ့လိုဆောင်ရွက်တဲ့အခါကျတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆောင်ရွက်ရတဲ့ အချိန်မှာ ဘာပဲလုပ်လုပ် တိုင်းဒေသကြီးက ခွင့်ပြုချက်ကို တောင်းပါတယ်၊ ကျနော်တို့ သဘောနဲ့ဘာမှ လုပ်လို့မရပါဘူး၊ အဲ့ဒီလို မရတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီကနေပြီးတော့ ဘယ်လောက်ပဲကန့်သတ် တိုင်းဒေသကြီးနေပြီးတော့ ခွင့်ပြုမိန့်ရှိလို့ရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရပါဘူး၊ ကျနော်တို့ထက်မြင့်တဲ့ အဖွဲ့အစည်းက ကိုင်ထားတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီမှာရှိတဲ့လူတွေကလည်း ခေါင်းညှိတ်ခဲ့ရတာတွေ ပဲရှိပါတယ်၊ မလွန်ဆန်နိုင်တာတွေပဲ ရှိပါတယ်"
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းမှာ အထပ်မြင့်အဆောက်အဦးတွေ မဆောက်လုပ်သင့်တဲ့ နေရာတွေ မှာ ဆောက်လုပ်နေတာ၊ ခွင့်ပြုမိန့်မရသေးပဲ ဆောက်လုပ်နေတာတွေ ရှိနေတယ်လို့လည်း ဦးခင်လှိုင်က ပြော ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အရာရှိတွေအပါအဝင် ဝန်ထမ်းတွေမှာ စည်ပင်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု အားနည်းတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထပ်မြင့်အဆောက်အဦး အရေအတွက်ကို မြို့တော်စည်ပင်အနေနဲ့ အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပဲ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။
ဒီလဆန်းပိုင်းလောက်က ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ တင်ပြခဲ့ပါတယ်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပြန်ကြားရေးနဲ့ဆက်သွယ်ရေး အရာရှိ မရွှေယင်းမာဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က တွေ့ဆုံမေးမြန်းထားပါတယ်။