ရွှေတိဂုံစေတီတော်အနီး အထပ်မြင့် စီမံကိန်းဆောက်လုပ်ခွင့် ရုပ်သိမ်း
2015.07.08

အများက ကန့်ကွက်ထားတဲ့ ဒဂုံစီးတီးစီမံကိန်းလိုမျိုး အထပ်မြင့်အဆောက်အဦးတွေကို ရွှေတိဂုံစေတီတော်နား မှာ ဆောက်လုပ်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
ရွှေတိဂုံစေတီတော်ကြီးကို ထိခိုက်နိုင်မယ့် ဘယ်လိုစီမံကိန်းမျိုးကိုမဆို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
"စီမံကိန်းကြီးတွေလုပ်လို့မရတော့ဘူးပေါ့နော်၊ လုပ်မှာလည်းမဟုတ်တော့ပါဘူး၊ အဲ့ဒါကြောင့် ကျနော်တို့က ဒီဟာကိုတော့ ထိခိုက်မခံနိုင်ဘူး၊ သို့သော်ဒီနေရာတွေမှာ ဒါမလုပ်ရင် တခြားဘာလုပ်မလဲဆိုတာကတော့ လက်ရှိကြုံတွေ့နေတာတွေနဲ့ လွတ်ကင်း တာမျိုးလုပ်ရင်လည်း စဉ်းစားဆောင်ရွက်သွားမယ့် အနေအထားရှိပါတယ်"
ဒဂုံစီးတီးစီမံကိန်းကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်နားက တပ်မတော်စစ်ရုံးချုပ်နေရာမှာ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေဖြစ်တဲ့ ရွှေတောင်၊ သုခရတနာ၊ Marga Landmark နဲ့ Adventure Myanmar စတဲ့ ကုမ္ပဏီတွေက လုပ်ကိုင်ခွင့်ရထားတာလို့ သမ္မတရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စီမံကိန်းရပ်ဆိုင်းလိုက်တဲ့အတွက် နစ်နာခဲ့ရတဲ့ အဲဒီကုမ္ပဏီလေးခုတို့ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ဆက်လက် ညှိနှိုင်းဖို့ ညွှန်ကြားထားတယ် လို့ ပြောပါတယ်။
အဲဒီဒဂုံစီတီးစီမံကိန်းကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်တွေ ဦးဆောင်ပါဝင်တဲ့ ရွှေတိဂုံစေ တီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ကလည်း ဇူလိုင်လမကုန်ခင် လုံးဝရပ်ဆိုင်းပေးဖို့ တောင်းဆိုထားခဲ့တာဖြစ် ပြီး မရပ်ဆိုင်းရင် ဆန္ဒပြတဲ့အထိ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒဂုံစီးတီးစီမံကိန်းဟာ တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ်ရှိတဲ့ မြေနေရာဖြစ်ပြီး ဧက ၂၀ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက် အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့စီမံကိန်း ဖြစ်ပါတယ်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။