ရေစကြိုမြို့ လှေခုတ်ရွာမှာ နေအိမ် သုံးလုံးနှင့် ဆိုင်ကယ်တွေ မီးရှို့ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်မှာရှိတဲ့ လှေခုတ်ရွာက နေအိမ် သုံးလုံးကို ဇန်နဝါရီလ ၁၂ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက လှေခုတ်ရွာနဲ့ ရေရှားရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လှေခုတ်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားချိန်မှ နေအိမ်တွေ မီးရှိုခံရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"သုံးအိမ် အရှို့ခံရပါတယ်ခင်ဗျ၊ ဖုန်းတွေ၊ အင်တာနက်တွေကတော့ ဆက်သွယ်လို့ရပါသေးတယ်၊ လိုင်းကတော့ အရင်ကတည်းက မကောင်းတာပါ"
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး ရေလယ်ကျွန်းပေါ်မှာရှိတဲ့ ရွာတွေဘက်ကို ရေစကြိုမြို့ဘက်ကနေ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ရွာသားတွေအားလုံး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဆိုပါတယ်။
နေအိမ်တွေအပြင် မော်တော်ဆိုင်ကယ် အစီး ၂၀ ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ လှေခုတ်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်တစ်လုံးကတော့ ဘာမှမကျန်တော့ဘူးဗျ၊ မီးရှို့သွားတာ ဆိုင်ကယ်က အစီး ၂၀ လောက်နဲ့ ထော်လာဂျီ တစ်စီး၊ မီးရှို့ပြီး မွှေသွားတဲ့အိမ်တွေမှာ ဘီဒိုတွေ ပျက်စီးတာတွေနဲ့ တန်းလျားတွေ ပျက်စီးတာတွေလည်း များတယ်၊ အခုတော့ လှေခုတ်ရွာကနေ ပြန်ထွက်သွားကြပြီ”
လက်ရှိ တပ်စွဲထားတဲ့ လှေခုတ်ရွာထဲမှာ မီးရှို့ခံရတာအပြင် ဈေးဆိုင်တွေနဲ့ နေအိမ်အတွင်းက ပစ္စည်းတွေ လည်း လုယက်ခံရတယ်လို့ ရွာခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းပေါ်မှာ လက်ရှိစစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲထားတဲ့ လှေခုတ်ရွာအပါအဝင် ရွာပေါင်း ၄၇ ရွာရှိပြီး အားလုံးနီးပါး ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။