မုံရွာ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရဲရင့်မင်းဦး ထောင် ၁၅ နှစ် ချခံရ

2022.04.08
မုံရွာ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရဲရင့်မင်းဦး ထောင် ၁၅ နှစ် ချခံရ မုံရွာ နည်းပညာတက္ကသိုလ် Information Technology (IT) ကျောင်းသား ကိုရဲရင့်မင်းဦး ကို တွေ့ရစဉ်
Photo: Citizen Journalist

မုံရွာ နည်းပညာတက္ကသိုလ် Information Technology (IT) က နောက်ဆုံးနှစ် ကျောင်းသား ကိုရဲရင့်မင်းဦးကို ဧပြီလ ၈ ရက် ဒီနေ့မှာ နေပြည်တော် အချုပ်ထောင် အထူးတရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ ထောင် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ကိုရဲရင့်မင်းဦးဟာ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရပြီးနောက် PDF တွေကို ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာလို့ သူနဲ့ နီးစပ်သူက ပြောပါတယ်။

"သူက စစ်တပ်ကို ဆန့်ကျင်လှုပ်ရှား ဆန္ဒပြခဲ့တာက မင်းကင်းမြို့မှာ ဆန္ဒပြခဲ့တာ။ အဖမ်းခံ ရတာက နေပြည်တော်မှာ။ နေပြည်တော်မှာ သူ့ ဦးလေးက နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းပါ။ သူ့ ဦးလေးဆီမှာ ရောက်နေတုန်း ဇမ္ဗူသီရိမြို့နယ်က ဝန်ထမ်းအိမ်ရာမှာ အဖမ်းခံရတာ။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ အဖမ်းခံရတာ။ အကြမ်းဖက်ပုဒ်မ အတပ် ခံရတာကတော့ PDF တွေကို ဆက်သွယ်ထောက်ပံ့လို့ပါ"

၂၀၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ ကိုရဲရင့်မင်းဦးနဲ့ သူ့ဦးလေးတို့ နှစ်ယောက်စလုံး အဖမ်းခံခဲ့ရပြီးနောက်ပိုင်း မှာ သူ့ ဦးလေးကိုတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် အစိုးရဝန်ထမ်း ရာထူးကနေ အထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုရဲရင့်မင်းဦးဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပြီး နေပြည်တော်မှာ အဘိုး၊ အဘွားတွေကို ဆေးကုဖို့ လိုက်ပို့ရင်း အဖမ်းခံခဲ့ရတာလို့လည်း သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၁၀၀၉၂ ဦးရှိပြီး အဲဒီအထဲက ၉၄၁ ဦးကတော့ ထောင်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။