လူသားစားမျိုးနွယ်တွေလို့ ပြောဆိုသူကို အရေးယူဖို့ သာသနာရေး ညွှန်ကြား
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရှိတဲ့ တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေ လို့ ပြောဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုတင်ခဲ့သူကို အရေးယူဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားလိုက်ပါတယ်။
-
2018-09-03 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရှိတဲ့ တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေလို့ ပြောဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုတင်ခဲ့သူကို အရေးယူဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားလိုက်ပါတယ်။
မန်တုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် က တိုင်ကြားလာတာကြောင့် လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်ပေးဖို့ဆိုပြီး စာပို့ထားတာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
"တအာင်းပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုန် မဲဆန္ဒနယ်မြေက ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး ကနေပြီးတော့ ကျနော်တို့ ဝန်ကြီးဌာနကို တင်ပြလာပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရယ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနရယ်ကို လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်နိုင်ပါရန်ဆိုပြီး ပေးပို့ထားပါတယ်နော်"
သြဂုတ်လ ၁၈ ရက်နေ့ညက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်လမ်းမကြီးပေါ်မှာ ရိုးရာဓလေ့အရ သွားလာနေတဲ့ မက်မွန်လောင်းကျေးရွာက တအာင်း ပလောင်လူမျိုးတွေကို ခရီးသွားအမျိုးသမီးတစ်ဦးက လူသားစားမျိုးနွယ်တွေ၊ ကြတ်တွေ၊ ပြိတ္တာတွေလို့ ပြောဆိုပြီး ဖေ့စ်ဘွတ်မှာ Live လွှင့်ခဲ့ပါတယ်။
Live လွှင့်ခဲ့တဲ့ Yuri Miko အကောင့်ပိုင်ရှင်ကို တအာင်းအမျိုးသားပါတီက မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက တအာင်းပလောင်လူမျိုးတွေ ဂုဏ်သိက္ခာကျဆင်းအောင်၊ လူမျိုးအချင်းချင်း အထင်အမြင် လွဲမှားအောင် လုပ်တာကြောင့် အရေးယူပေးဖို့ နိုင်ငံတော် သမ္မတရုံး အပါအဝင် သက်ဆိုင်ရာဌာနတွေ ကို သြဂုတ်လ တတိယပတ်က တိုင်ကြားခဲ့ပါတယ်။
လူသားစားမျိုးနွယ်လို့ စွပ်စွဲခံရတဲ့ မက်မွန်လောင်းကျေးရွာက တိုင်းရင်းသားတွေအပါအဝင် တအာင်းပလောင် စာပေယဉ်ကျေးမှုအဖွဲ့တွေက ဖေ့စ်ဘွတ်မှာ Live လွှင့်သူကို တောင်းပန်ဖို့ တောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ တောင်းပန်တာမရှိသေးဘူးလို့ သိရပါတယ်။