တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေလို့ ပြောသူကို ၆၆ ဃဖြင့် အမှုဖွင့်


2018.09.11
rujing-622.jpg တအာင်းလူမျိုးတမျိုးဖြစ်တဲ့ ရူစိင်း(ရူဂျင်း)မျိုးနွယ်စုဝင် အမျိုးသမီးတွေကို တွေ့ရစဉ်
Photo: Yuri Miko Facebook

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရှိတဲ့ တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေလို့ ပြောဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ခဲ့သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ အရေးယူဖို့ နမ့်စန်မြို့နယ် တအာင်း(ပလောင်)စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ခိုလမ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

တအာင်းလူမျိုးတွေအကြောင်း Live လွှင့်ခဲ့သူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခိုလမ်နယ်မြေရဲစခန်းကနေတော့ အမှုဖွင့်ထားတာရှိတယ်ဗျ၊ ၆၆ ဃ နဲ့ဖွင့်ထားတာ၊ အခုကတော့ ဖမ်းဆီးဖို့အတွက် စခန်းမှူးကတော့ အဲဒီဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရှိတဲ့နေရာကို စုံစမ်းဖို့ မိုင်းပြင်းမြို့ကို ထွက်သွားတယ်။ "

အမှုဖွင့်ခံထားရသူဟာ လက်ရှိမှာ တိမ်းရှောင်နေကြောင်း တရားစွဲထားတဲ့ နမ့်စန်မြို့နယ် တအာင်း(ပလောင်) စာပေနဲ့ယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး မိုင်းအိုက်မိုင်း က RFA ကို ပြောပါတယ်။

"အဲဒီအမျိုးသမီးက သူ့ဖေ့စ်ဘွတ်ကနေပြီးတော့ သိတာပေါ့နော်၊ Yuri Miko ဆိုတာ သူ့အကောင့် Yuri Miko ဆိုတာ သူ့ရဲ့ ကချင်နာမည်နေမှာပေါ့၊ ဒါပေမဲ့ သူ့ရဲ့နာမည်က ဒေါ်ခင်မေထွန်းပေါ့နော်၊ သူနေတာကတော့ မိုင်းပြင်းမြို့နယ်မှာနေတာ၊ သူ့အမျိုးသားက သွားဆရာဝန်လေ၊ မိုင်းပြင်းရဲစခန်းကို ခိုလမ်ရဲစခန်းက အကူအညီတောင်းပြီးတော့ သွားပြီး ကြည့်ခိုင်းတဲ့အချိန်မှာ သူတို့က အိမ်မှာမရှိတော့ဘူးတဲ့၊ သော့တွေလည်း အကုန်ခတ်ထားတယ်ဆိုပြီးတော့ ဘယ်နေရာသွားလဲဆိုတာလည်း အဲဘက်ကရဲကတော့ အတိအကျ မသိသေးဘူး၊ အခုတော့ ဖမ်းဝရမ်းလိုမျိုး ထုတ်ထားတာပေါ့။ "

တအာင်းပလောင်လူမျိုးတွေ ဂုဏ်သိက္ခာကျဆင်းအောင်၊ လူမျိုးအချင်းချင်း အထင်အမြင်လွဲမှားအောင်လုပ် တာကြောင့် Live လွှင့်ခဲ့သူကို အရေးယူပေးဖို့ တအာင်းအမျိုးသားပါတီ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက နိုင်ငံတော် သမ္မတရုံးအပါအဝင် သက်ဆိုင်ရာဌာနတွေကို ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ်က တိုင်ကြားခဲ့ပါတယ်။

အလားတူ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်ကလည်း အဲဒီ Live လွှင့်ခဲ့သူကို အရေးယူပေးဖို့ဆိုပြီး သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ညက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်လမ်းမကြီးပေါ်မှာ ရိုးရာဓလေ့အရ သွားလာနေတဲ့ မက်မွန်လောင်းကျေးရွာက တအာင်းပလောင်လူမျိုးတွေကို Yuri Miko ဆိုတဲ့ အကောင့်ကနေ လူသားစားမျိုးနွယ်တွေ၊ ကြတ်တွေ၊ ပြိတ္တာတွေလို့ ပြောဆိုပြီး ဖေ့စ်ဘွတ်မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။