စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းရွာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်၊ ခုနစ်ဦး သေဆုံး

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာနန်း ရွာထဲကို မနေ့က စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအရပ်သား ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ရွာနန်းရွာဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးခဲ့ရသူတွေထဲမှာ အဘွားအိုတစ်ဦးကလွဲရင် ကျန်တဲ့လူတွေက လူငယ်၊ လူလတ် ပိုင်းတွေ ဖြစ်တယ်လို့ နေအိမ်မီးထဲပါသွားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အခုဟာက သေဆုံးတဲ့ ဦးရေက ခုနစ်ယောက်ဗျ။ မီးရှို့ခံရတာကတော့ ၃၂၅ အိမ် ပါသွားတယ်။ အခုက အဲဒီဘက် ဘယ်လိုရှိ လဲဆိုတော့ အဲဒီနားအနီးတစ်ဝိုက်ပေါ့နော်။ စားတောင်ရွာဘက်မှာ အဲကောင်တွေ တပ်စွဲထားတယ်။ လူအင်အား တော်တော်များ တယ်။ သူတို့ ညောင်ငုတ်တို တိုက်ပွဲမှာ အထိနာပြီးတော့ ဒီဘက်ကို မဲပြီးတော့ ရွာတွေကို လိုက်ပြီးတော့ မီးရှို့နေတာ”
အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦးရဲ့အသက်ကိုပဲ အတည်ပြုနိုင်ပြီး ကျန်တဲ့ အချက် အလက်တွေကို အတည်ပြုဖို့ ခက်နေတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။ ဒီအချက် အလက်တွေနဲ့ ပတ်သက်လို့ RFA က လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
နောက်ထပ် ဒေသခံတစ်ဦးကလည်း ရွာနန်းရွာ မီးရှို့ခံရတာ ဘုန်းကြီးကျောင်းတောင် မကျန်ဘူးလို့ RFA ကို ပြောပါတယ်။
“ရွာနားလေးမှာ ရေကန်ရှိတယ်ဗျ။ အဲဒီ ရေကန်နားလေးက အိမ်ကို စရှို့တာ။ စရှို့ပြီးတော့ အဲဒီမှာ ဟိုမွှေ၊ ဒီမွှေနဲ့ပေါ့နော်။ နောက် မနက် ၆ နာရီလောက်ကျတော့ ရွာကို မီးက စပြီး ရှို့ပြီ။ တော်တော်များများ လောင်သွားတယ်။ အခုလောင်သွားတာက တောင်ခြမ်းက လောင်သွားတာ။ မြောက်ခြမ်းက ကျန်နေခဲ့တယ်။ ဘုန်းကြီးကျောင်းပါ ပါသွားတယ်။ မြောက်ဘက်က လွတ်သွား တယ် ၊ မြောက်ဘက်က လူနေကျဲတယ်။ အိမ်ခြေကျဲတယ်။ မြေကွက်တွေ များတာ။ တောင်ဘက်က လူနေစိတ်တာ။ လူနေစိတ် တဲ့ဘက်က အကုန်ပါသွားတာ”
ဒေသခံတွေက ရွာမီးလောင်မှုမှာ ကြက်၊ ဆိတ်၊ ဝက်၊ ကျွဲ၊ နွား စတဲ့ အိမ်မွေး တိရစ္ဆာန် တွေလည်း မီးထဲပါသွားပေမယ့် စာရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာလည်း ဝက်လက်မြို့နယ်အတွင်း စစ်တပ်နဲ့ PDF တွေအကြား စစ်ရေးတင်းမာ နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ ရွာနန်းရွာဟာ လူဦးရေ ၃၀၀၀ ကျော်နေထိုင်ပြီး အခုတော့ အားလုံးနီးပါးဟာ နီးစပ်ရာတောတွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့တုန်းက ရွာနန်းရွာအနီးက ညောင်ငုတ်တိုရွာကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ဝင်တိုက်ခဲ့ပါတယ်။ ညောင်ငုတ်တိုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တပ်စွဲထားတာပါ။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိနာခဲ့ သလို ညောင်ငုတ်တိုကျေးရွာက နေအိမ် ၁၅ လုံး မီးလောင်ခဲ့တယ်လို့ ဝက်လက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"သူတို့ ညောင်ငုတ်တို တိုက်ပွဲမှာ အထိနာပြီးတော့ ဒီဘက်ကို မဲပြီးတော့ ရွာတွေကို လိုက်ပြီးတော့ မီးရှို့နေတာ"
ဝက်လက်နယ်ကို စစ်ကြောင်းထိုးရင် စစ်တပ်ဟာ ညောင်ငုတ်တိုရွာကို တပ်စွဲပြီး အသုံးပြု လေ့ရှိတာကြောင့် အဲဒီရွာကို တိုက်ခိုက်ခဲ့တာလို့ PDF တွေက ပြောပါတယ်။
ရွာနန်းရွာကို စစ်တပ်နဲ့ ပျူစောထီးတွေ ဝင်စီးနင်းတာဟာ ညောင်ငုတ်တိုရွာ ဖြစ်စဉ်အတွက် လက်တုံ့ပြန်တာဖြစ်နိုင်တယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။
“သူတို့လူတွေ အကျအဆုံးများတဲ့အတွက် သိပ်မကျေနပ်တာ နေမှာပေါ့။ မကျေနပ်တဲ့ အခါ ရွာနန်းရွာက လုပ်တယ်လို့ ထင်တာ နေမှာပေါ့။ ထင်တဲ့အခါကျတော့ အနီးဆုံး ရွာနန်းရွာကို ဝင်ပြီးတော့ မီးရှို့တာ။ မနက် ၁ နာရီကျော်လောက်မှာ လက်နက်ကြီး တွေနဲ့ ပစ်ဝင်ပြီးတော့ ရွာတွေကို စတင် မီးရှို့တော့တာပဲ။”
ရွာနန်းကျေးရွာ မီးရှို့မှုမှာ စစ်တပ်က ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၇ ရက်မှာပဲ RFA ကို ပြောပါတယ်။
“တပ်မတော်က မီးရှို့တဲ့ဖြစ်စဉ် တစ်ခုမှ မရှိဘူး။ ရှို့စရာလည်း အကြောင်းမရှိဘူး။ လုပ်နေတာသည် PDF တွပဲ။ ပြည်သူ့ စစ် ဖွဲ့ထားတဲ့ ရွာတွေကို ဝင်တယ်။ တိုက်တယ်။ ပြီးရင် ပြန်ထွက်တယ်။ ပြန်ထွက်ရင် မီးရှို့သွားတဲ့ဟာတို့၊ အနီးအနားမှာ မီးရှို့သွားတဲ့ ဟာတို့ ဒါတွေပဲ လုပ်ဆောင်နေတာ ဖြစ်တယ်။ တပ်မတော်အနေနဲ့ မည်သူ့အိမ်ကိုပဲ မီးရှို့ခဲ့သည်ဖြစ်စေ၊ PDF ကပဲ မီးရှို့ခဲ့တာပဲ ဖြစ်ဖြစ် နိုင်ငံတော်အစိုးရမှာပဲ တာဝန်ရှိ တယ်။ နိုင်ငံတော်အစိုးရကပဲ တိုက်ပွဲရှောင်တွေ၊ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီ စောင့်ရှောက်ပေးရတယ်။ ကိုယ်ဒုက္ခရောက်မယ့်အလုပ်ကို လုပ်စရာ အကြောင်းမရှိဘူး လို့ပဲ ပြောချင်တယ်”
စစ်ကောင်စီဟာ သူတို့ လုပ်ခဲ့တဲ့လုပ်ရပ်တွေအားလုံးကို ဘယ်တုန်းကမှ ဝန်ခံလေ့ မရှိဘူးလို့ ဝက်လက်မြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကေဂျေက RFA ကို ပြောပါတယ်။
"သူတို့ကတော့ ဘယ်ရွာကိုတော့ ရှို့ခဲ့တာလို့ ဘယ်တော့မှ ဝန်ခံလေ့မရှိဘူး။ ဘယ် ပြည်သူကိုမှ ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့တာ၊ ပြည်သူလူထု တစ်ဦးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ပြီး သတ်ခဲ့တာပါလို့ စစ်ကောင်စီက ဘယ်တုန်းကများ ဝန်ခံ ဖူးလို့ တုန်း။ စစ်ကောင်စီရဲ့ ဘာအကြောင်းအရာ၊ ဘယ်လို ထွက်ဆိုချက်မျိုးမဆို ပြည်သူတွေအနေနဲ့ကတော့ လုံးဝ အယုံအကြည် မရှိပါဘူး"
လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဧပြီလ ၁ ရက်အထိ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ သူ့လက်အောက် ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၇၉၇၃ လုံးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၄၉၅၄ လုံးနဲ့ အိမ်အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။