ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်
ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။
-
2011-10-12 -
-
-
ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာကို မြစ်ကြီးနား အကျဉ်းထောင်ဘူးဝတွင် တွေ့မြင်ရစဉ်။ zaganar family album
zaganar family album
“မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။ ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိတာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”
အခုလို လွတ်မြောက်လာပြီ ဖြစ်တာကြောင့် သူ့အနေနဲ့ ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားမယ် ဆိုတာကိုလဲ ကိုဇာဂနာက ရှင်းပြပါတယ်။
“ကျနော်ရည်စူး ထားတာကတော့ ကျနော်တို့ ၈၈ တုန်းကတည်းက လမ်းပေါ်ထွက်ခဲ့တယ် ဆိုတာ လမ်းပေါ်နိုင်ငံရေးလို့ပဲ ပြောပြော Activist လို့ပဲပြောပြော အပျင်းပြေ ထွက်ခဲ့ကြတာမှ မဟုတ်ဘဲ၊ ပါတီစုံ ဒီမိုကရေစီ ရရှိရေးဆိုပြီး တောင်းဆိုခဲ့ကြတာကိုး။ အဲဒီတော့ ကျနော်တို့ အဲဒီနေရာကို ရောက်ခါနီးစဲစဲပဲ ရှိသေးတယ် မရောက်သေးဘူးလို့ ယုံကြည်တယ်။ အဲဒီအတွက် ကျနော် နောက်ထပ် လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်”
ဟာသ သရုပ်ဆောင် ကိုဇာဂနာဟာ ၂၀၀၈ နာဂစ်မုန်တိုင်းသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ခဲ့ပြီးနောက် အဖမ်းဆီးခံရကာ ထောင်ဒဏ် (၃၅)နှစ် အချခံထားရသူပါ။ ၃နှစ်ခွဲနီးပါး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။