မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women’s Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။
-
2012-03-07 -
-
-
ဒီဆုကို လက်ခံဖို့ မဇင်မာအောင်ဟာ အခု ဝါရှင်တန်ဒီစီမြို့ကိုရောက်နေပါတယ်။ ဆုရရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ မဇင်မာအောင်က အခုလို ပြောပြပါတယ်။
“လတ်တလော ဖြစ်နေတဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့ကိစ္စ၊ အဲဒီကိစ္စအပေါ်မှာ ပြည်သူလူထုက ပိုပြီး စိတ်အားထက်သန်လာအောင်လို့၊ အဲဒီမှာ အများစု ဒုက္ခရောက်တာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်၊ peace process မှာ အမျိုးသမီးတွေ အများစု ပါဝင်လာနိုင်အောင်၊ ထို့အတူပဲ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာနိုင်အောင် ကိစ္စတွေမှာ အကူအညီပေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်”
မဇင်မာအောင်ဟာ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုကနေ ၂၀၀၉ ခုအထိ ထောင် ၁၁ နှစ်ကျခံခဲ့ရပြီး ထောင်က လွတ်လာတဲ့နောက်မှာလည်း ဒီမိုကရေစီရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သလို တိုင်းရင်းသားရေးရာတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လူ့အဖွဲ့အစည်းအတွက် ရှေ့တန်းကနေ မဆုတ်မနစ် ရဲရဲရင့်ရင့် ကြိုပမ်းသူ အမျိုးသမီးတွေကို အခုလို အမျိုးသမီးသတ္တိရှင်ဆုပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ်ကွန်ဒိုလီဇာရိုက်စ်က ၂၀၀၇ ခုက ဒီဆုကို စတင်ဖန်တီးခဲ့ပါတယ်။
ဒီနှစ်အတွက် မြန်မာနိုင်ငံက မဇင်မာအောင်အပြင် အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ ကိုလမ်ဘီယာ၊ လစ်ဗျား၊ မောလ်ဒိုက်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ တူရီကီနိုင်ငံတို့က အမျိုးသမီးတွေ ဆုရကြပါတယ်။
ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် ကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းစံတော်ချိန် မနက် ၁၁ နာရီမှာ စတင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ သမ္မတကတော် မစ်ရှဲ အိုဘားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။