NUG ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့မည်

2022.05.11

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေလ ၁၄ ရက်၊ လာမယ့် စနေနေ့မှာ တွေ့ဆုံမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကမကထပြုကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရောက်ရှိနေချိန် မေလ ၁၁ ရက်နေ့က RFA သတင်းဌာနခွဲတခုဖြစ်တဲ့ Benar News သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။

မလေးရှားအစိုးရနဲ့ မလေးရှားပြည်သူတွေက မြန်မာပြည်သူတွေကို အစဉ်အမြဲ ထောက်ခံအားပေးနေတယ် ဆိုတာကို ဒေါ်ဇင်မာအောင်ကို ပြောပြချင်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ ဒေါ်ဇင်မာအောင်နဲ့ NUG အစိုးရကို သွယ်ဝိုက်၍ဖြစ်စေ အလွတ်သဘောဖြစ်စေ အကူအညီပေးချင်ကြောင်း၊ ဒ့ါအပြင် သူ့အနေနဲ့လည်း NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ပြောမယ့်သတင်းစကားတွေ၊ အမြင်သဘောထားတွေကို နားထောင်ချင်ကြောင်း၊ အထူးသဖြင့် မြန်မာပြည်သူတွေ ဘယ်လို ရှေ့ဆက်သွားကြမလဲ ဆိုတာနဲ့ပတ်သက်လို့ သိလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောဆိုသွားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံကြဖို့ တခြား အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားတာပါ။ မြန်မာစစ်ကောင်စီကတော့ အာဆီယံနဲ့ NUG/ NUCC အကြား အလွတ်သဘော ထိတွေ့ဆက်ဆံဖို့ ဒီအဆိုပြုပြောကြားချက်နဲ့ ပတ်သက်လို့ ကန့်ကွက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။