ရန်ကုန်မှာ နှစ်ရက်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ် ၁၁ ဦး ဖမ်းဆီးခံရ
အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီဟာ ယခု ဧပြီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေအတွင်း လူငယ် ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သပိတ်အင်အားစုတွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
- 2022-04-22
-
-
-
အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီဟာ ယခု ဧပြီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေအတွင်း လူငယ် ၁၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ သပိတ်အင်အားစုတွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ထဲက စုပေါင်းသပိတ်စစ်ကြောင်းတစ်ခု ဧပြီ ၂၀ ရက်က ဆန္ဒပြနေတုန်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခဲ့သလို သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ အမျိုးသမီးနှစ်ဦးနဲ့ သူတို့ကိုလိုက်ပို့တဲ့ တက္ကစီသမားကို ဖမ်းဆီးခဲ့ပါတယ်။
ဧပြီ ၂၁ ရက် မနေ့ညက ကမာရွတ်မြို့နယ်၊ လှည်းတန်းက တိုက်ခန်းတစ်ခုကို ညဘက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ရှစ်ယောက် ဖမ်းဆီးခေါ်ဆောင်သွား ခြင်း ခံခဲ့ရပါတယ်။ ဒီလူငယ် ရှစ်ယောက် အဖမ်းခံရတာကို RFA က အတည်ပြုနိုင်ပေမယ့် ဘာကြောင့် အဖမ်းခံရလဲဆိုတာနဲ့ သူတို့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရန်ကုန်မြို့ ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များ သပိတ်ကော်မတီက မဂျူဝယ်လ် ကတော့ အခုနောက်ပိုင်းမှာ မြေပြင်သပိတ်တွေ ဖော်ဆောင်ဖို့ အခက်အခဲတွေ ရှိလာလို့ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးပေးကြဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
“အခုဆိုရင် သပိတ်စစ်ကြောင်းတွေက ပန်းပင်ကြီးလမ်းလို ပုံစံမျိုးပဲ ကားတွေနဲ့ တိုက်ပြီးတော့ ဖြိုခွင်းခံရတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီထက်ဆိုးတဲ့ အခြေအနေတွေ လည်း ရှေ့ဆက်မဖြစ်ဘူးလို့ ညီမတို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ မြေပြင်ပေါ်မှာ ရဲဘော်တွေက အရမ်းကို နည်းပါးလာပြီ။ နည်းပါးလာတဲ့အပေါ်မှာ ဘယ်လိုမျိုး အခက်အခဲမျိုးပဲ ရှိနေပါစေ သူတို့တွေက ရှေ့ဆက်ထွက်တာက ထွက်နေမှာဖြစ်တဲ့ အတွက်ကြောင့် ဒီထက်ဆိုးတဲ့ အနေအထားတွေ ကြုံလာရင်တောင်မှ ပြည်သူတွေက ကိုယ်တတ်နိုင်ရင် တတ်နိုင်တဲ့ အနေအထားကနေ ပါဝင်ပြီးတော့ ကူညီပေးစေချင် ပါတယ်”
ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖြိုခွင်းခဲ့တဲ့ တောင်ဥက္ကလာသပိတ် စစ်ကြောင်းက အဖမ်းခံရသူ သုံးဦးထဲက နှစ်ဦးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်ခိုင်သဉ္ဇာအေးနဲ့ ဒေါ်အိဖြူဖြူမြင့်တို့ ဖြစ်တယ်လို့ CTUM က ထုတ်ပြန်ပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆန္ဒပြပွဲဟာ ကြိုတင်သတင်းပေါက်ကြားခဲ့ပြီး စစ်ကောင်စီ ရဲ့ ဖြိုခွင်းတာကို ခံလိုက်ရတာလို့ အဲဒီနေ့က ပါဝင်ခဲ့တဲ့ သပိတ်အင်အားစုက အဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်နှင့် ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်း ကိုဟိန်းထက်တို့ဟာ မနေ့က ဧပြီလ ၂၁ ရက်နေ့ ဒဂုံတက္ကသိုလ်မှာ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်နေသူတွေဟာ မလွဲမသွေ ထိန်းသိမ်းခံရမှာပဲလို့ တုံ့ပြန်ပါတယ်။
"ဒီနောက်ပိုင်းမှာတော့ ကျနော်တို့ ပြည်ပအနေနဲ့က မြန်မာနိုင်ငံအနေနဲ့ပေါ့လေ။ သူတို့ အကြောင်းပြချက်မျိုးစုံနဲ့ပေါ့လေ။ ထောက်ပံ့တာတွေ ရှိတယ်။ အဲဒီထောက်ပံ့တာတွေ လုပ်ပြီး နောက်ပိုင်းမှာတော့ ပြည်တွင်းမှာ မငြိမ်မသက်မှုတချို့ ဖြစ်ပေါ်လာတာတော့ အမှန်ပဲ။ ဒီလို မငြိမ်မသက်မှုမျိုးစုံ ဖြစ်ပေါ်လာအောင်လည်း နည်းမျိုးစုံနဲ့ ဖန်တီးနေတဲ့ သူတွေ၊ လုပ်နေတဲ့သူတွေကတော့ တရားဥပဒေအရတော့ ထိန်းသိမ်းခံရမှာပဲ ဖြစ်ပါတယ်"
အကြမ်းဖက် ဖမ်းဆီးတာ၊ ဝရမ်းမပါဘဲ နေအိမ်တွေထဲ ဝင်ရောက်စစ်ဆေးတာတွေလုပ်ဖို့ စစ်ကောင်စီက ပြည်တွင်းမှာ ဥပဒေအသစ်တွေ ပြင်ဆင်ပြဋ္ဌာန်းနေတာ တွေ့ရပြီး ဒီလုပ်ရပ်တွေဟာ ဥပဒေနဲ့ ညီ၊ မညီ ပြောဖို့တောင် ခက်လာပြီလို့ ရန်ကုန်မြို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
"ဥပဒေအရ ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့အနေအထားအထိ ဖြစ်နေတယ်လို့ ဒီလိုပဲ သုံးသပ်ရမှာဖြစ်ပါတယ်"
"ဥပဒေနဲ့ ညီ၊ မညီဆိုတာ ပြည်တွင်းဥပဒေအရ သုံးသပ်မယ်ဆိုရင်တော့ နစကအနေနဲ့ ဥပဒေတွေကို လိုအပ်သလို ပြင်ဆင်ပြီးတော့ လုပ်နေတာဖြစ်တဲ့အတွက် ဒါက ညီတယ်၊ မညီဘူးပြောဖို့ ခက်ခဲပါတယ်။ သို့သော် ခုနက နိုင်ငံတကာ ဥပဒေတွေနဲ့ ဒီမိုကရေစီ နည်းကျ ရှင်သန်နေတဲ့ ဥပဒေစနစ်တွေနဲ့ နှိုင်းယှဉ်ပြောမယ်ဆိုရင်တော့ ဒါတွေက ပြောမယ်ဆိုရင် ဥပဒေအရ ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ အနေအထားအထိ ဖြစ်နေတယ်လို့ ဒီလိုပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်"
အရင်က ရှိခဲ့တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေတို့၊ ရဲလက်စွဲ ဥပဒေတွေအရ ဒါမျိုး ဆောင်ရွက် ခြင်းမပြုဖို့ ကန့်သတ်ထားပေမယ့် အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေအရ အကုန်လုံး ဆောင်ရွက်ခွင့်ရှိလို့ အဲဒီဥပဒေကို အကာအကွယ်ယူပြီး ဆောင်ရွက်လာတာ တွေ့ရတယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ဧပြီလ ၂၁ ရက်နေ့ ည ၆ နာရီအထိ ဖမ်းဆီးခံခဲ့ရသူ ၁၃,၃၂၆ ဦး ရှိပြီး ဝရမ်းထုတ်ခံထားရသူကတော့ ၁၉၇၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။