၂၀၂၃ ခုနှစ်မှာ ထောင်တွင်းသေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိခဲ့
2024.01.09

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ထောင်တွင်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်တွေမှာ သတ်ဖြတ်ခံခဲ့ရတဲ့သူ ၁၈ ဦးရှိပြီး၊ မကျန်းမာတဲ့အခါ ဆေးကုခွင့်ကောင်းကောင်းမရလို့ သေဆုံးခဲ့ရတဲ့သူ ၁၆ ဦးလို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေမှာမနိုင်တဲ့ စစ်ကောင်စီက ထောင်ထဲကလူတွေကိုပိုဖိနှိပ်လာတာလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
"ထောင်ကနေပြောင်းရွှေ့သွားတဲ့ လမ်းတစ်လျှောက်မှာ သတ်ဖြတ်ပါတယ်ဆိုတဲ့ ဒိုက်ဦးထောင် ဖြစ်စဉ်လိုမျိုးတွေ ဖြစ်ခဲ့သလိုပဲ ဥပဒေမဲ့ သတ်ဖြတ်မှုတွေအထိကို ကျူးလွန်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်တယ်။ ဘာဖြစ်လို့ ဒါတွေဖြစ်ရလဲဆိုတော့ စစ်ရေးအပေါ်မှာလည်း အများကြီးမူတည်သွားတယ်။ ၂၀၂၃ က စစ်ရေး အားကောင်းလာတဲ့ အခါမှာ တိုက်ပွဲတွေမှာမနိုင်တဲ့ စစ်ကောင်စီက အကျဉ်းထောင်တွေကို စစ်မြေပြင်သဖွယ် သဘောထားပြီးမှ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေကို ဖိနှိပ်မှုအမျိုးမျိုးကို ၂၀၂၃ မှာ တွင်တွင်ကျယ်ကျယ် လုပ်ခဲ့တယ်ပေါ့"
ပုသိမ်၊ ဒိုက်ဦး၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ သာယာဝတီ၊ အင်းစိန်နဲ့ ကလေးအကျဉ်းထောင်တွေ ထဲက သေဆုံးတဲ့ဖြစ်ရပ်တွေအရ ဒီစာရင်းကိုအတည်ပြုထားတာလို့ ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုမကောင်းလို့ သေဆုံးခဲ့ရတဲ့သူ ၁၆ ဦးထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သေဆုံးခဲ့တဲ့ အဆိုတော် ကိုစံလင်းစံလည်း ပါဝင်ပါတယ်။ သူက Black Dragon Force Pyapon ဆိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး သူ့ကိုဖမ်းထားတဲ့ အကြောင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာလထဲမှာတော့ ဖျာပုံခရိုင်တရားရုံးက ကိုစံလင်းစံကို လူသတ်မှု ပုဒ်မ - ၃၀၂ (၁) နဲ့ သေဒဏ်အမိန့်ချလိုက်ပြီး ပုသိမ်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
ဦးခေါင်းထဲမှာ ရေအိပ်တည်ရောဂါရှိလို့ ခွဲစိတ်ထားဖူးတဲ့ ကိုစံလင်းစံ ဟာ၊ စစ်ကြောရေးမှာ ခေါင်းကို ရိုက်နှက် နှိပ်စက်ခံရတဲ့ဒဏ်တွေကြောင့် ဝေဒနာပြန်ခံစားနေရပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လလောက်မှာ ကျန်းမာရေးဆိုးလာလို့ မိသားစုက အပြင်မှာ ဆေးကုသခွင့် တောင်းခဲ့ပေမယ့် မရခဲ့ဘူးလို့ သူ့ရဲ့ မိတ်ဆွေ ကိုရှိုင်းက ပြောပါတယ်။
"ထောင်ထဲကိုရောက်ခါမှ နှိပ်စက်ခံရပြီးတော့ ရောဂါကပြန်ပေါ်လာတာ။ ဆိုးဆိုးရွားရွား ဖြစ်တော့ အပြင်ဆေးရုံတွေ ဘာတွေ ပေးတက်မယ်ထင်တာ။ ပေးမတက်ဘူး။ အတွင်းမှာပဲ ကုပေးတယ်။ သူ့ရဲ့ခေါင်းက ကျွန်တော်တို့ ကိုင်ကြည့်ရင် ပျော့စိပျော့စိ ပုံစံမျိုး ဖြစ်နေတယ်။ သူကလည်းပြောပါတယ်။ တော်လှန်ရေးတွေ ပြီးသွားရင် အနုပညာကို ဆက်လက်လုပ်မယ်ဆိုတာကိုပေါ့"
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း အင်းစိန်အကျဉ်းထောင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀ (ည) နဲ့ ထောင် ဆယ်နှစ်ချခံထားရတဲ့ အသက် ၂၃ နှစ် အရွယ် မချယ်ရီဝင်းဟာ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ အပြင်းအထန် ဖျားနာခဲ့ပေမယ့် ထောင်အာဏာပိုင်က အပြင်ဆေးရုံကိုမပို့ခဲ့တာကြောင့် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သေဆုံးခဲ့ရတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
မချယ်ရီဝင်းဟာ ဒီးမော့မြို့နယ်ကဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ တိုက်ပွဲတွေကြောင့် သူတို့အိမ် မီးလောင်ခဲ့ရပါတယ်။ အဲဒီနောက် မိသားစုလိုက် စစ်ဘေးကနေ ထွက်ပြေး တိမ်းရှောင်နေရာကနေ စားဝတ်နေရေးကြောင့် စစ်ကာပူကိုသွားပြီးအလုပ်လုပ်ဖို့ ရန်ကုန်မှာခေတ္တနေတဲ့အချိန်မှာ သူ့ကို PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ထောင်ထဲမှာ မချယ်ရီဝင်း သေဆုံးပြီး မကြာခင် ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့၊ သူ့ရဲ့ မောင်လည်း လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားတဲ့အတွက် သူတို့မိခင်ဟာ ယူကျုံးမရဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
"သူ့မိသားစုထဲမှာ သူကအကြီးဆုံး။ တိုက်ပွဲဖြစ်တော့ အိမ်ကပျက်စီးသွားပြီ။ မိသားစုရဲ့ ဝင်ငွေက မရှိတော့ဘူး။ သူကပြည်ပထွက်ပြီးတော့ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတယ်။ ဆုံးသွားတာတောင် ချက်ချင်းမသိရဘူးဗျာ။ ဆယ်ရက်အကြာမှ RFA ကလွှင့်တဲ့ ရေဒီယိုမှာ ကြားရတဲ့ သတင်းကြောင့်မိုလို့ ပြန်လိုက်ကြည့်တဲ့ အခါကျတော့ ဆယ်ရက်ကျော်ရှိပြီ။ သူ့အလောင်းကို စစ်ကောင်စီက မီးရှို့လိုက်တာလား၊ အလောင်းက ပြန်တောင်းလို့မရတဲ့ အခြေအနေဖြစ်နေတဲ့ အခါကျတော့ ဘယ်လိုမှလုပ်လို့မရဘူးပေါ့နော်။ ယုံရမလိုလို၊ မယုံရမလိုလို ဖြစ်နေတဲ့အနေအထားကို ရောက်နေတယ်။ သူ့အမေကလည်း လောလောဆယ် အရူးတစ်ပိုင်း၊ ဘာမှ မပြောနိုင်အောင် အိပ်ယာထဲမှာပဲ လဲနေတဲ့ပုံစံမျိုးရှိတယ်"
ထောင်ထဲမှာ လူတစ်ယောက်သေဆုံးသွားပြီဆိုရင် ဥပဒေအရ မိသားစုကို အကြောင်းကြားရမှာ ဖြစ်သလို ရုပ်အလောင်းကိုလည်း ကြည့်ခွင့်ပေးရမှာဖြစ်ပေမယ့် စစ်ကောင်စီက ဘယ်ဥပဒေကိုမှ လိုက်နာတာမရှိဘူးလို့ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင် တစ်ယောက်က ပြောပါတယ်။
"လက်ရှိအခြေအနေက ဥပဒေကြောင်းအရတွေ၊ ပုဒ်မ အရတွေ တောင်းဆိုခွင့် လုံးဝမရှိတဲ့ အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ စကစ ကိုယ်တိုင်ကို ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ စိတ်ဆန္ဒမရှိဘူး"
၁၈၉၄ ခုနှစ် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းထားခဲ့တဲ့ အကျဉ်းထောင်လက်စွဲဥပဒေ အခန်း (၈) ပုဒ်မ - ၃၇ မှာ အကျဉ်းသားတွေရဲ့ ဆေးကုသခွင့်ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကုသပေးဖို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျဉ်းထောင်တာဝန်ခံအရာရှိတွေနဲ့ ဝန်ထမ်းတွေဟာ ဥပဒေတွေကို လျစ်လျူရှုခဲ့တာကြောင့် အကျဉ်းသားတွေမှာ ဆေးကုခွင့် မရဘဲ အသက်ဆုံးရှုံးတာတွေဖြစ်လာတာလို့ ဥပဒေ ပညာရှင်တွေက ထောက်ပြ ဝေဖန်ပါတယ်။
စစ်အာဏာရှင်အဆက်ဆက် ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ရှိခဲ့ပေမယ့် အခု ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပိုဆိုးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
"ကျွန်တော်တို့ အဖမ်းခံရစဉ်ကာလတုန်းက စစ်ကြောရေးမှာ နှိပ်စက်ခံရတယ်။ထောင်ကို အရမ်းရောက်ချင်တယ်။ ထောင်ရောက်သွားတဲ့အခါမှာ ငါမသေတော့ဘူး။ ငါတော့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကလွတ်ပြီလို့ တွေးတယ်ပေါ့။ အခုက အဲဒီလို မဟုတ်တော့ဘူး။ အကျဉ်းထောင်ထဲ ရောက်သွားပြီးရင်တောင်မှ ထောင်အပြင်ကို ခေါ်ထုတ်ပြီးတော့ သတ်တဲ့ကိစ္စတွေက တောက်လျှောက်ကြားနေရတယ်။ ဒါကြောင့်မိုလို့ အရင်ခေတ်ထက်စာရင် ဒီခေတ်ကတော့ ထောင်ထဲရောက်သွားတာ တောင် ကိုယ့်အသက်အန္တရာယ်က မလုံခြုံတော့တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒါကတော့ ပိုပြီးတော့ ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်လာတာပေါ့"
"အကျဉ်းထောင်ထဲ ရောက်သွားပြီးရင်တောင်မှ ထောင်အပြင်ကို ခေါ်ထုတ်ပြီးတော့ သတ်တဲ့ကိစ္စတွေက တောက်လျှောက်ကြားနေရတယ်"
ထောင်တွင်းအခြေအတွေပိုဆိုလားတယ်ဆိုတဲ့ပြောဆိုထောက်ပြချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ် ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားတွေသေဆုံးမှုမှာ တာဝန်အရှိဆုံးလူတွေကို ဖော်ထုတ်အရေးယူဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
"နိုင်ငံရေး အကျဉ်းသားတွေကို ကျူးလွန်တဲ့ ပြစ်မှုတွေ အထူးသဖြင့် သူတို့ရဲ့ ထိန်းသိမ်းမှုအောက်မှာ အသက်သေဆုံးရှုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ရှိတဲ့ တရားခံတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ အတွက် ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားချင်ပါတယ်"
အရပ်သားအစိုးရလက်ထက်ကတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဟာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဝင်ရောက်ကြည့်ရှုကူညီခွင့်ရခဲ့ပေမယ့် ကိုဗစ်ရောဂါ ကြောင့် ထောင်ထဲဝင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအခြေအနေကနေဆက်ပြီး အာဏာသိမ်းပြီးတဲ့ နောက်မှာလည်း စစ်ကောင်စီဟာ ICRC အပါအဝင် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကိုမှာ ထောင်တွေကိုဝင်တွေ့ခွင့်မပေးခဲ့ပါဘူး။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းခွဲကျော် (၂၅၇၃၀) ရှိတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။