နယ်မြေရှင်းလင်းရေးကြောင့် နှစ်လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁၂၀ သေဆုံး
ဒေသတွင်းသတင်းအရင်းအမြစ်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေပေါ် အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁၂၀ သေဆုံးခဲ့ပါတယ်။
- 2022-07-07
-
-
-
ဒေသတွင်းသတင်းအရင်းအမြစ်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေပေါ် အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁၂၀ သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကနီ၊ ကန့်ဘလူ၊ ခင်ဦး၊ ချောင်းဦး၊ မြင်းမူ၊ ယင်းမာပင်၊ ကလေး၊ ဘုတလင်၊ ရွှေဘို၊ ဝက်လက်နဲ့ ရေဦးမြို့နယ်တွေမှာ တစ်နေရာတည်းမှာ အနည်းဆုံး နှစ်ဦးကနေ အများဆုံး ၂၈ ဦးအထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ၁၁ ခုအပါအဝင် အရပ်သား ၁၂၀ သေဆုံးခဲ့တာပါ။
အထင်ရှားဆုံးကတော့ မေလ ၁၁ ရက်နေ့က ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ ပြည်သူ ၂၈ ဦးအထိ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ပါ။ နောက်တစ်ခုက ဇွန်လ ၆ ရက်နေ့က မြင်းမူမြို့နယ်၊ ကံဖျားရွာ ဘုန်းကြီးကျောင်းထဲကို စစ်သားတွေရောက်လာပြီး အမျိုးသားတွေကို ပြေးခိုင်း ကာ နောက်ကနေ သေနတ်နဲ့ပစ်သတ်လို့ လူ ခြောက်ဦး ပွဲချင်းပြီးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
ကံဖျားရွာဘုန်းကြီးကျောင်းထဲ အစုလိုက်အပြုံလိုက် ပစ်သတ်တဲ့ဖြစ်စဉ်မှာ အသက် မသေဘဲ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက အခုထိ စိတ်ထိခိုက်နေဆဲလို့ RFA ကို ပြောပါတယ်။
“အဲ့ဒီနေ့က ဘုရားမှာရှောင်နေတဲ့နေရာကို မြောက်ဘက်ကနေ တပ်ခေါက်ပြီးလာတယ်၊ သေနတ်တွေနဲ့ ပစ်ပြီးဝင်လာတော့ ကြောက်ပြီးပုန်းကြတယ်။ စစ်သားတွေက ထွက်ခဲ့ လို့ အော်တော့ ထွက်ကြရတယ်။ ထွက်ထိုင်ရတယ်။ မော့မကြည့်ရဘူး၊ ယောက်ျား၊ မိန်းမ ခွဲတယ်။ ယောက်ျားတွေကို ပြေးဆိုပြီး တစ်၊ နှစ်၊ သုံး ဆိုပြီး အော်တော့ ပြေး ကြရတယ်။ နောက်ကနေ သေနတ်တွေနဲ့ပစ်တယ်။ မှန်တဲ့သူတွေမှန်တယ်။ အခုထိ အစားအသောက် မစားနိုင်၊ မအိပ်ရဲသေးဘူး၊ အခုထိပြောရင်း ငိုတဲ့သူတွေရှိသေးတယ်“
စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရွာတွေကို မီးရှို့တာ၊ ရွာသားတွေကို သတ်ဖြတ်တာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာမျိုးတွေ လုပ်ဆောင်လေ့ ရှိတာကြောင့် အရပ်သားတွေဟာ ရွာထဲမှာ မနေရဲကြတော့ဘဲ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်ရင်း ခင်ဦးမြို့နယ် တာတိုင်ကျေးရွာအနီး မေ ၁၅ ရက်မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲလို့ စစ်ဘေးရှောင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ နောက်စေ့ပွင့်ပြီး သေဆုံးသွားတယ်လို့ တာတိုင်ကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းထုတယ်။ မှန်ဘီလူးတွေနဲ့ ကြည့်တာ၊ မြင်သွားတော့ လက်နက်ကြီးနဲ့ လှမ်းထုတာ၊ လက်နက်ကြီးအားက ပြင်းတော့ကျတော့ အပိုင်းစတွေကမှန်တာ၊ ဦးခေါင်းနောက်စေ့ကို ထိသွားတယ်။ နေရာမှာတင် ဆုံးသွား တာ၊ ခင်ပွန်းတစ်ယောက်လုံး ဒီလိုဖြစ်တာ ဘယ်လိုမှ ပြောမပြတတ်အောင် ခံစား ရတယ်။ ဘာနဲ့မှ နှိုင်းလို့မရဘူး၊ ဖြစ်နိုင်ရင် စစ်ကောင်စီကို ချေမှုန်းချင်တယ်။ သူတို့သေမှ ပြည်သူတွေအေးမှာ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ မိသားစုတိုင်း အဲ့ဒီနေ့က ခံစားရတဲ့ ခံစားချက်က ဒီကနေ့အချိန်ထိ အခုပြောရင် အခု ဝမ်းနည်းတယ်”
ခင်ပွန်းဖြစ်သူ သေဆုံးသွားတဲ့အတွက် ကျန်ခဲ့တဲ့ သားသမီး သုံးဦးနဲ့ စားဝတ်နေရေး အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့လည်း သူက ပြောပါတယ်။
"စိတ်ထင်ရင်တော့ ထင်သလို၊ မထင်ရင်တော့ မထင်သလို သတ်ပစ်တာတွေ တွေ့ရတယ်"
စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကို မျက်မြင်တွေ့ခဲ့ပြီး ကနီမြို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပူးပေါင်းလာတဲ့ ကလေးမြို့ အခြေစိုက် ခမရ (၃၆၂) က တပ်သားကိုနိုင်ဝင်းက စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို စိတ်မထင်ရင် မထင်သလို သတ်ဖြတ်လေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
“တွေ့ခဲ့ရတာတော့ ပြည်သူတွေကို လမ်းပြခေါ်တယ်။ စိတ်ထင်ရင်တော့ ထင်သလို၊ မထင်ရင်တော့ မထင်သလို သတ်ပစ်တာတွေ တွေ့ရတယ်။ အစစ်ဆေးအမေးမြန်း တော့မရှိဘူး၊ တစ်ခါတည်း သေနတ်နဲ့ လှမ်းပစ်တာ၊ လှမ်းပစ်ပြီးတော့ သတ်ခဲ့တာ ရှိတယ်။ ပြည်သူလူထုကို သက်သက်ခေါ်ပြီး သတ်ပစ်တာတွေလည်းပါပါတယ်။ အဲ့ဒါကြောင့်မို့လည်း ပြည်သူလူထုနဲ့ လာပေါင်းတာပါ၊ စစ်ကြောင်းထိုးပြီဆိုတာနဲ့ အထက်လူကြီးတွေရဲ့ အမိန့်ကို နားထောင်ရတယ်။ ဒီလမ်းကို သွားဆို သွားရတယ်။ ဒီအိမ်ကို ရှို့ဆိုရှို့၊ ဒီလူကို သတ်ဆိုလည်း သတ်၊ အဲ့ဒီလိုပဲ ရှိတယ်။ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေယူပြီး အိမ်တွေကို ရှုပ်ပွနေအောင်လုပ်ပြီး ခေါင်းအုံးတွေ၊ စောင်တွေကိုပုံပြီး မီးရှို့တာတွေလည်း တွေ့ခဲ့ရတယ်“
သူကိုယ်တိုင်လည်း ကလေးမြို့နယ် နတ်ချောင်းရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖြစ်ပွား ခဲ့တဲ့ လူ ရှစ်ဦးလောက် သတ်ဖြတ်ခံရမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သလို ကနီမြို့နယ်အတွင်း လူနေအိမ်တွေကို မီးရှို့တဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ဖူးတယ်လို့လည်း ကိုနိုင်ဝင်းက ပြော ပါတယ်။
လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကတော့ စစ်ကောင်စီရဲ့ အခုလို အဆင်အခြင်မဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။
“စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ကနေ ကျေးရွာတွေပေါ်မှာ ဖြတ်သန်း သွားတဲ့အခါသော်လည်းကောင်း၊ စခန်းချတဲ့အခါသော်လည်းကောင်း၊ လူတွေကို အကြောင်းမဲ့ဖမ်းဆီးတယ်။ အကြောင်းမဲ့ သတ်ဖြတ်တယ်။ မီးရှို့ပြီးတော့ အလောင်း ဖျောက်တယ် စတဲ့ကိစ္စတွေက စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ထိခိုက်အောင်လုပ်တာ မလုပ်သင့်တဲ့ကိစ္စပါ"
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းဘက်မှာ ကျေးရွာတွေထဲကိုဝင်ပြီး လူနေအိမ်တွေ မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာနဲ့ အဖိုးတန်ပစ္စည်းယူဆောင်မှုတွေအတွက် စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အာဏာ သိမ်းမှု နောက်ပိုင်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရေးယူနိုင်ဖို့ ပထမဆုံးအဆင့်အနေနဲ့ တူရကီနိုင်ငံမှာ အမှုဖွင့်ထားပြီလို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို တင်ပြထားပေမယ့် အချိန်ကြာနိုင်တာမို့ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံ ဆိုင်ရာ အထူးခုံရုံးဖွဲ့ဖို့ကိုလည်း တိုက်တွန်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
“ပထမဆုံးအဆင့်က စစ်အာဏာသိမ်းမှုကြိုးစားခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း က အမှုကိစ္စတွေအားလုံးကို စစ်ကောင်စီ မင်းအောင်လှိုင် အပါအဝင် ထိပ်သီးခေါင်း ဆောင်တွေကို အရေးယူနိုင်ဖို့အတွက် တူရကီနိုင်ငံမှာ အမှုဖွင့်ထားတာ လက်ခံလိုက် ပါပြီ၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီ၊ အခုဆိုရင် ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ် နည်းထဲမှာပါတဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးခုံရုံးတွေ ဖွင့်နိုင်ဖို့အတွက်လည်း ကုလသမဂ္ဂမှာ ကျနော်တို့ ထပ်မံတိုက်တွန်းနေတာရှိပါတယ်”
အစုလိုက်သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ခိုင်မာတဲ့ သက်သေအထောက် ထားတွေ ရရှိထားပြီးဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို ခံခဲ့ရတဲ့အရပ်သားတွေရဲ့ မိသားစုဝင်တွေကတော့ ဒီကျူးလွန်မှုတွေအတွက် စစ်ကောင်စီတာဝန်ရှိသူတွေအပေါ် ထိရောက်တဲ့အရေးယူမှုတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီး ၁၇ လအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်နှိမ်နင်းမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၂၀၆၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက် မနေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။