စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၁၃ ဦးသေဆုံး
2025.02.19

စစ်ကိုင်းတိုင်း ကနီ၊ ချောင်းဦး၊ မုံရွာနဲ့ မန္တလေးတိုင်း မြင်းခြံ၊ ငါန်းဇွန်၊ စဥ့်ကူးမြို့နယ်တွေကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် လူ ၁၃ ဦးသေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမ (အရှေ့) ရွာကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံလေးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လူနှစ်ဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ပေါင်ငါးရာဗုံး ကြဲချခဲ့တာကြောင့် ကားနှစ်စီးနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်”
တိုက်ပွဲမရှိဘဲ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲတာလို့ ချောင်းမရွာနဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကနီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေးလုံး ချသွားတာ လေးလုံး။ ကွမ်းယာဆိုင်ထဲ ထိုင်နေတဲ့ လူနှစ်ယောက်ရယ်၊ အရှေ့ဘက်အိမ်ထဲ ကျတဲ့အိမ်က သမီးယောက်ဖ နှစ်ယောက်ရယ် ထိပြီးတော့ အသက်ဆုံးရှုံးသွားတယ်။ ပြီးတော့ တောင်နယ်ကလာတဲ့ ကလေးတစ်ယောက်ရော၊ အသက်ဆုံးရှုံးသွားတယ်၊ ငါးယောက်။ နေရာတင် ပွဲချင်းပြီးသေတာလို့ လေးယောက်က။ တစ်ယောက်က ဆေးရုံသွားရင်းနဲ့ ဆုံးသွားတာ။ အရပ်သားတွေဗျ ဟုတ်တယ်။ တောင်နယ်ကတော့ ရဲဘော်တဲ့”
အသက် ၁၈ နှစ်အရွယ် ၁၁ တန်းကျောင်းသား မောင်ဟန်နီကို၊ အသက် ၃၀ အရွယ် ကိုနေဝင်းထွန်း၊ အသက် ၅၀ ကျော်အရွယ် ဦးချစ်ဦးနဲ့ မြဌေးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သေဆုံးသွားတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒဏ်ရာရသူတွေရဲ့အခြေအနေ အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ကနီမြို့နယ် မုဌောရွာအနီး ချင်းတွင်းမြစ်ဘေးက ကူးတို့ဆိပ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဂျက်တိုက်လေယာဥ်နဲ့ ပေါင်ငါးရာဗုံး ကြဲချခဲ့တာကြောင့် ကားနှစ်စီးနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြင်းခြံမြို့နယ် တူရွင်းဘို့ရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံလေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်”
ချောင်းဦးမြို့နယ် ကျီကုန်းရွာမှာလည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေခြောက်နာရီခန့်က စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ငါးနှစ်အရွယ် ကလေးတစ်ဦးနဲ့ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီခန့်မှာလည်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် မုံရွာမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့နေရာကို ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံ၊ ငါန်းဇွန်၊ စဉ့်ကူးမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံလေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပေါင်နှစ်ရာရယ် ပေါင်သုံးရာ နှစ်လုံးရယ်။ သုံးရာ တစ်လုံးကွဲတယ်။ လေးယောက် သေဆုံးတာကတော့ ယောက်ျားလေးတစ်ယောက် မိန်းကလေး သုံးယောက်။ ဒဏ်ရာရသူက ရှစ်ယောက်။ ခြေထောက်ပြတ်၊ လက်ပြတ်တွေ။ အဲဒါ တစ်လုံးတည်းကွဲလို့ သုံးလုံးစလုံးသာ ကွဲလို့ကတော့ မလွယ်ဘူး။ တိုက်ပွဲကို မရှိဘူး”
သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် ဦးငွေသောင်း၊ အသက် ၆၃ နှစ်အရွယ် ဒေါ်သန်းနွယ်၊ အသက် ၄၂ နှစ် အရွယ် ဒေါ်ကြမ်းစိန်နဲ့ အသက် ၂၄ နှစ်အရွယ် မသန်းနွဲ့တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတဲ့အတွက် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ တူရွင်းဘို့ရွာက ဒေသခံတွေဟာ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံခရိုင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိရှိကြဖို့လိုတယ်လို့ မြင်းခြံမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူတွေ နေ့ရော၊ ညရောပေါ့နော်။ စိုးရိမ်ထိတ်လန့်ကြီးစွာနဲ့ နေနေကြရတယ်။ လေကြောင်းရန်ရော၊ လက်နက်ကြီးရန်ရောပေါ့နော်။ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရဲကြဘူးပေါ့နော်။ အဲဒီရဲ့ စိုးရိမ်ထိတ်လန့်မှုတွေက နေ့စဥ်နဲ့အမျှ အစ်ကိုတို့ မြင်းခြံခရိုင်ထဲမှာ ရင်ဆိုင်ကြုံတွေ့နေရတာ လက်ရှိအချိန်ထိပဲ။ ကာကွယ်နိုင်မဲ့နည်းကတော့ ကတုတ်ကျင်းတွေ ခိုင်ခိုင်မာမာ တူးပြီးတော့ပေါ့နော်။ ရပ်ရွာတွေမှာဆိုရင်လည်း မိသားစုအလိုက်ပေါ့နော်။ တော်လှန်ရေး အင်အားစုတွေဆိုရင်လည်း တော်လှန်ရေးအင်အားစုတွေ အားလုံးပေါ့နော်။ ဒီလိုမျိုး ခိုင်ခိုင်မာမာတူးပြီး နေမှသာလျှင် လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကို ကာကွယ်လို့ရမယ်လို့ အကြံပြုချင်တယ်။ သာမန်အားဖြင့် တည့်မကျဘူးဆိုရင်တော့ ကတုတ်ကျင်းတွေက အကာကွယ်တစ်ခုတော့ ပေးနိုင်တယ်ပေါ့နော်”
ဖေဖော်ဝါရီ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာပဲ မန္တလေးတိုင်းထဲက ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ရွာနဲ့ စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ကလေးမြို့နယ်က စစ်ကောင်စီစခန်းငါးခုကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်
ကနီမှာလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးသေဆုံး
တိုင်းလေးတိုင်းမှာ တိုက်ခိုက်မှုအတွက် စက်တပ်လေထီး အသုံးပြုလာ
စဥ့်ကူးမြို့နယ် လက်ပန်လှရွာက အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက်နှစ်နှစ်အရွယ် ကလေး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့သလို ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ရွာမှာတော့ ဒေသခံတစ်ဦး ခြေထောက်ပြတ်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အခုနှစ်ဆန်းပိုင်းကစပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွေမှာ ပါရာမော်တာ (Paramotor) လို့ခေါ်တဲ့ လူစီးစက်တပ် လေထီးတွေကို အသုံးပြုလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
RFA ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း ဒေသခံ ၁၇၆၉ ဦး သေဆုံးခဲ့ပါတယ်။