ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ချင်းမိုင်မြို့မှာ ကျင်းပ
ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကို ဒီပွဲက ပြသတာလို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ ညှိနှိုင်းရေးမှူး ကိုမျိုးသူရက ပြောပါတယ်။
-
RFA Burmese
2024-07-07 -
-
-
၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ နိုင်ငံအာဏာရယူပြီး မကြာခင် ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်က ဆန္ဒပြကျောင်းသားထုကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
အဲဒီတုန်းက မှတ်တမ်းဓာတ်ပုံတွေဟာ အခုတော့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဖော်ပြနေတဲ့ သမိုင်းဝင်ဓာတ်ပုံတွေ ဖြစ်နေပါပြီ။
ဒီပုံတွေကို ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင် ၇ ရက်က ပြသပါတယ်။ ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကို ဒီပွဲက ပြသတာလို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ညှိနှိုင်းရေးမှူး ကိုမျိုးသူရက ပြောပါတယ်။
“မတရားလက်နက်အားကိုးပြီး အာဏာသိမ်းခဲ့တာကို ပြန်ပြီးလိုချင်တယ်။ ကျွန်တော်တို့ရဲ့ လူ့ဂုဏ်သိက္ခာတွေ၊ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေ ပြန်လိုချင်တယ်ဆိုရင် တောင်းယူလို့မရဘူး။ တိုက်ယူမှပဲရမယ်ဆိုတာကို အဓိကထား ပြချင်လို့ ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုပြချင်လို့ ဒီပွဲကို လုပ်ရတာဖြစ်ပါတယ်”
ဒီအခမ်းအနားကို ချင်းမိုင်ရောက် မြန်မာကျောင်းသူ/ကျောင်းသားများကွန်ရက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်လွှဲထားတဲ့ မမေနှင်းကတော့ စစ်တပ်ကို တော်လှန်သူအားလုံးကို လေးစားတယ်လို့ပြောပါတယ်။
“နှစ်တိုင်း ငါတို့ လွတ်မြောက်ရေး၊ ငါတို့လိုချင်တဲ့ စစ်သုံးစစ်အမြစ်ဖြတ်ရေး၊ ငါတို့အဆုံးထိ တိုက်ပွဲဝင်သွားမယ်။ ပြည်တွင်းထဲမှာ အရမ်းကို ဖိနှိပ် စစ်ဆေးရေးတွေရှိနေတဲ့ ကာလမှာ ဒီနေ့မှာ ရဲစွမ်းသတ္တိအပြည့်နဲ့ လက်နက်မဲ့ပေမယ့် စစ်တပ်ကို တော်လှန်နေရတဲ့ ရဲဘော်အားလုံးကိုလည်း ဂုဏ်ပြုတယ်၊ လေးစားတယ်”
နောင်မျိုးဆက်ကို စစ်တပ်မရှိတဲ့ နိုင်ငံရေးစနစ်ပေးခဲ့ချင်တယ်လို့ ပြောလာသူကတော့ တကသ ကျောင်းသားဟောင်းများအင်အားစုက အထွေထွေအတွင်းရေးမှူး ကိုဘုန်းသစ် ဖြစ်ပါတယ်။
“သေချာပါတယ်။ ကျွန်တော်တို့အောင်ပွဲက မဝေးတော့ပါဘူး။ ရှိတဲ့အခြေအနေအားလုံးကို ကြည့်မယ်ဆိုရင် သေချာပါတယ်။ တကယ်လို့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ လက်လျှော့လိုက်မယ်ဆိုရင် နောင်မျိုးဆက်တွေ အလှည့်ကျရင် ကျွန်တော်တို့ တာဝန်မကျေသလို ဖြစ်လိမ့်မယ်။ နောင်မျိုးဆက်တွေ ဆက်ပြီး အာဏာရှင်ကို တော်လှန်နေရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့မျိုးဆက်နဲ့ ဒီဟာကို အဆုံးသတ်ပြီးတော့ နောက်မျိုးဆက်ကို ကောင်းမွန်တဲ့ အနာဂတ်တွေ၊ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တွေ၊ စစ်တပ်မရှိတော့တဲ့ မြန်မာပြည်နိုင်ငံရေးစနစ်ကို ပေးခဲ့ချင်တယ်။ ဒီပုံစံမျိုးနဲ့ ဆက်လက်တိုက်ပွဲဝင်တာ ဖြစ်ပါတယ်”
ဗိုလ်ချုပ်နေဝင်းရဲ့စစ်အစိုးရဟာ တက္ကသိုလ်ကျောင်းသားထုကို ဖိနှိပ်တဲ့ အဆောင်စည်းမျဉ်းတွေ ချမှတ်ခဲ့ပြီးနောက် မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ ဇူလိုင် ၇ ရက် ဆဲဗင်းဇူလိုင် အရေးအခင်း ပေါက်ဖွားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ဝင်းမှာ ဆန္ဒပြကျောင်းသားထုကို စစ်အစိုးရက ပစ်ခတ်ဖြိုခွင်းတဲ့ အတွက် သေဆုံး ဒဏ်ရာရသူတွေ ရှိပြီး ဇူလိုင် ၈ ရက်မနက်လင်းအားကြီးမှာ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။