ဆဲဗင်းဂျူလိုင်နေ့ မြို့နယ် ၁၃ ခုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

2022.07.07
ဆဲဗင်းဂျူလိုင်နေ့ မြို့နယ် ၁၃ ခုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး 7 July နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ်
Photo: PVTV

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အာဏာသိမ်းတာကိုဆန့်ကျင်ခဲ့တဲ့ ကျောင်းသားတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ကျောင်းသားတွေ ရာချီသေဆုံးခဲ့ရတဲ့နေ့ ဇူလိုင်လ ၇ ရက်နေ့ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ဇူလိုင် ၇ ရက် ဆဲဗင်းဂျုလိုင်ဟာ ဒီကနေ့ဆိုရင် နှစ်ပေါင်း ၆၀ ပြည့်ပါပြီ။

ဒီကနေ့မှာ လုံခြုံရေးတင်းကျပ်မှုတွေကြားက ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီး၊ တမူး၊ ကနီ၊ ကလေး၊ အရာတော်၊ တနင်္သာရီတိုင်း ထားဝယ်၊ လောင်းလုံး၊ ပဲခူးတိုင်း တောင်ငူ၊ ကချင်ပြည်နယ် ဖားကန့်၊ မွန်ပြည်နယ် သံဖြူဇရပ် စတဲ့ မြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့မနက် ၁၁ နာရီက ရန်ကုန်မြို့မှာ ကျောင်းသားလူငယ် ၃၀ ကျော်က ဆန္ဒပြခဲ့ ကြတယ်လို့ ပုဇွန်တောင်၊ ဗိုလ်တထောင် သပိတ်အင်အားစုက မဂျူဝယ်က အခုလို ပြောပါတယ်။

"ကျောင်းသားလူထုလှုပ်ရှားမှုတွေတိုင်းမှာ ဆဲဗင်းဂျူလိုင်ကလည်း အရေးပါတဲ့အတွက် ကြောင့် ဘယ်တော့မှ မမေ့အောင် သပိတ်ထွက်တာပဲ ဖြစ်ပါတယ်၊ ရှေ့ရက်တွေမှာတော့ အပြင်သွားတယ်ဆိုရင် စစ်ဆေးတာ တွေ့ခဲ့ရတယ်ပေါ့နော်၊ ဒီနေ့ကတော့ ဖမ်းဆီးတာ တွေ မကြုံရဘူး၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သပိတ်ပြီးတော့မှ သပိတ်လုပ်တဲ့နေရာကို စစ်ကောင်စီတပ်တွေ ရောက်လာတယ်၊ ဒါပေမဲ့ ညီမတို့ဘက်က ဘာမှ ထိခိုက်တာမျိုး မဖြစ်ခဲ့ပါဘူး"

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ဆားလင်းကြီး၊ တမူး၊ ကနီ၊ ကလေး၊ အရာတော်မြို့နယ်တွေမှာလည်း ဒီကနေ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတာကြောင့် ၁၅ မိနစ်နီးပါး ကြွေးကြော်ဆန္ဒပြပြီး လူစုခွဲခဲ့ရတယ်လို့ ယင်းမာပင်မြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ ကိုသက်ဦးက ပြောပါတယ်။

"၇၇၆၂ မမေ့ကြနှင့်ဆိုတဲ့ စာသားလိုပါပဲ၊ ကျောင်းသားလူငယ်တွေအများကြီး သတ်ဖြတ် ခံခဲ့ရတဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ အသက်တွေ ပေးခဲ့ရတယ်၊ ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ တော်လှန်တဲ့ သူရဲကောင်းတွေ ကျဆုံးတဲ့နေ့ကို ကျနော်တို့ အောက်မေ့ သတိရတဲ့အနေနဲ့ မြန်မာပြည်လွတ်မြောက်ဖို့ ကျဆုံးသွားတဲ့ အဲဒီပုဂ္ဂိုလ်တွေလို ရဲရဲ ရင့်ရင့်နဲ့ တော်လှန်ပေးစေလိုတဲ့ စိတ်ဓာတ်နဲ့ ပြည်သူလူထုကို လှုံ့ဆော်တဲ့အနေနဲ့ ကျနော်တို့ အနောက်မြောက်လွင်ပြင် ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေဟာ ဒီနေ့မှာ ထူးထူးခြားခြားဖြစ်အောင် သပိတ်ကို ပြည်သူပိုင်လမ်းမပေါ်မှာ လုပ်ခဲ့ပါတယ်"

နှစ် ၆၀ ပြည့် ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားတို့နဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချေမှုန်းဖို့နဲ့ ပြည်သူလူထု တစ်ရပ်လုံးက ထိရောက်မှန်ကန်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ဖို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

7july-protest-ygn.jpg
ဗကသများအဖွဲ့ချုပ်နှင့် North Dagon Oppressed People's Strike Colition (NDOPSC) ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဆဲဗင်းဂျူလိုင် နှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့စဉ် (Photo: GSC)

ဒီလိုထုတ်ပြန်တာဟာ ပြည်သူတွေအနေနဲ့ စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့လိုမယ်ဆိုတဲ့ သတင်းစကားပါးတာလို့ ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က ပြောပါတယ်။

"ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက် ထုတ်ရတဲ့အကြောင်းအရင်းက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ကျနော်တို့ အခုလက်ရှိ နွေဦးတော်လှန်ရေးကာလမှာ ရင်ဆိုင်နေရတဲ့ ဖက်ဆစ်စစ်တပ်ဟာ အခုမှ မြို့ကြီးပြကြီးတွေကို တက်ပြီး လူသတ် တယ်ဆိုတာ ပေါ်ပေါ်ထင်ထင် ထမင်းစားရေသောက် လုပ်ခဲ့ကြတာမဟုတ်ဘူး၊ သမိုင်း မှာလည်း အဲ့ဒီလို လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ဒီအချက်ကို ပြည်သူလူထုဆီ ပြန်ပြီးတော့ သွေးနွေးပေးတဲ့ သဘောပါပဲ။ ဒုတိယတစ်ချက်အနေနဲ့ အခုလက်ရှိ နွေဦးတော်လှန်ရေး မှာ ဖက်ဆစ်စစ်တပ်ကို ရင်ဆိုင်နေရတုန်းပဲ ဖြစ်တယ်။ ဒီတစ်ခါ ကျနော်တို့ ရင်ဆိုင် ရတယ်ဆိုပေမယ့် မတူတာတွေလည်း ရှိတယ်၊ ဒါ့အပြင် တကယ့်လွတ်မြောက်ရေးကို လိုချင်ရင် ဖက်ဆစ်စစ်တပ်နဲ့ ဖက်ဆစ်စစ်တပ်ကို ဒေါက်တိုင်ပြုထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကနေစပြီး စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့ လိုမယ်ဆိုတဲ့ အချက်ကို ပြည်သူလူထုကို ပြန်သွေးနွေးပေးတာပါပဲ"

ခေတ်အဆက်ဆက်မှာ အာဏာရှင်ကို တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေဟာ လက်ရှိ စစ်အာဏာသိမ်းထားတဲ့ကာလအထိ ပုံစံမျိုးစုံနဲ့ ကဏ္ဍပေါင်းစုံကနေ ဆန့်ကျင် တော်လှန်မှုတွေ ရှိနေတုန်းပဲလို့ ကျောင်းသားတွေက ပြောပါတယ်။

"ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ကျောင်းသားတွေက စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေကြဆဲ ဖြစ်ပါတယ်"

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ ကျောင်းသားတွေဟာ အမြဲတစေ ပါဝင်ခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာဆိုရင် ကျောင်းသားတွေဟာ တက်တက်ကြွကြွနဲ့ ခေတ်အဆက်မှာ ပါဝင်ခဲ့တယ်၊ ဒီနေ့ကျရောက်တဲ့ နှစ် ၆၀ ပြည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံဟာလည်း အာဏာသိမ်း ဦးနေဝင်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အရေးတော်ပုံဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာလည်း ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှု တွေ ရှိတယ်၊ ၈၈ အရေးတော်ပုံမှာလည်း ကျောင်းသားတွေဟာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ကျောင်းသားတွေ ဟာ လူထုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ကျောင်းသားတွေက စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေကြဆဲ ဖြစ်ပါတယ်"

ဆဲဗင်းဂျူလိုင်အရေးအခင်းဟာ အာဏာသိမ်းလိုက်တဲ့ ဦးနေဝင်းရဲ့ စစ်အာဏာရှင်စနစ်ကို ပထမဆုံးကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဦးနေဝင်းက အာဏာသိမ်းလိုက်တဲ့အပေါ် ဗကသ၊ တကသ၊ ရကသ စတဲ့ ကျောင်းသားသမဂ္ဂတွေဟာ အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ သဘောထားကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း ဦးနေဝင်းအစိုးရဟာ ကျောင်းလခကို တိုးမြှင့်တာ၊ အဆောင် စည်းကမ်း ၂၁ ချက် ထုတ်ပြန်တာ စတာတွေနဲ့ ကျောင်းသားထုအပေါ် ဖိနှိပ်မှုတွေ ရှိလာတာကြောင့် ဆန့်ကျင်ဆန္ဒပြရာကနေတစ်ဆင့် အကြမ်းဖက် ဖြိုခွင်းခံရပါတယ်။

ခေတ်အဆက်ဆက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်းတွေရဲ့ အကြမ်းဖက် ဖမ်းဆီးမှု ဒဏ်ကို အန်တုရင်း ကျောင်းသားထုဟာ ဒီမိုကရေစီထွန်းကားရေးအတွက် တစ်ထောင့် တစ်နေရာကနေ ဆက်လက်ပါဝင်နေဆဲ ဖြစ်တယ်လို့ ကျောင်းသား အင်အားစုတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။