နိုင်ငံရေးအကျဉ်းသားနဲ့ သတင်းသမားတွေ လွတ်ငြိမ်းသက်သာခွင့် မရ
ဧပြီလ ၁၇ ရက် မနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသား ၁၆ဝဝ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပေမယ့် နိုင်ငံရေးအကျဉ်း သားတွေနဲ့ သတင်းသမားတွေ တစ်ဦးမှ မပါဝင်ခဲ့ဘူးလို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
- 2022-04-18
-
-
-
ဧပြီလ ၁၇ ရက် မနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသား ၁၆ဝဝ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပေမယ့် နိုင်ငံရေးအကျဉ်း သားတွေနဲ့ သတင်းသမားတွေ တစ်ဦးမှ မပါဝင်ခဲ့ဘူးလို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက်၊ စုစုပေါင်း ၁၆၁၉ ယောက်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာပါ။ အဲဒီအထဲက အများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်ဒဏ်ကျခံ နေရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူ ကိုရန်ပိုင်ထွန်းရဲ့ မိခင် ဒေါ်ဌေးဌေးဝင်းဟာ ပြန်လွတ်သူတွေအထဲ သူ့သားပါလာမလားလို့ မျှော်နေခဲ့သူပါ။
“အမယ်လေး အမှတ်တမဲ့များ ငါ့သားလေးများ ပြန်လာရင် ဆိုပြီးတော့ မျှော်လင့်ရတာ ပေါ့။ အဲလိုမျိုး မလုပ်ခင်တောင် ဆုတွေ တောင်းနေတာ။ ငါ့သားလေးပါလာရင် သိပ် ကောင်းမှာပဲလို့ တွေးနေတာပေါ့။ ဘယ်လို ပြောလိုက်ပါလိမ့်။ အခုချိန်မှာ ဘာလိုချင်လဲ။ ရွှေတစ်ပိဿာ လိုချင်လား။ သားလေး ပြန်ထွက်လာမလားဆိုရင် သားလေး ချက်ချင်း ပြန်ထွက်လာခဲ့။ ရွှေတစ်ပိဿာမလိုချင်ဘူး ပြောလိုက်မှာပေါ့”
ကိုရန်ပိုင်ထွန်းဟာ လှိုင်သာယာမှာ သပိတ်စခန်းတွေ ဖွင့်တုန်းက သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးအဖြစ် ပါဝင်ခဲ့သူပါ။ သူအဖမ်းခံရပြီး တစ်လအတွင်း စစ်ခုံရုံးကနေ ထောင် ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသလို အဲဒီနောက် အင်းစိန်ထောင်ကနေ သာယာဝတီ ထောင်ကို ပြောင်းရွှေ့ခံထားရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် မိသားစုဝင်တစ်ဦးကလည်း အင်းစိန်ထောင် မှာ အကျဉ်းကျ ခံနေရတဲ့ သူ့အစ်ကိုပြန်လွတ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ပါမလာခဲ့ဘူးလို့ ပြောပါတယ်။
“ကျမအစ်ကို အပါအဝင် ပညာတတ်တွေ တော်တော်များများကို ဖမ်းထားတယ်။ ဒါလည်း တော်တော် စိတ် မကောင်းဘူးပေါ့ နော်။ တော်တော်လည်း ဝမ်းနည်းမိတယ်။ အခု နှစ်ဆန်းတစ်ရက်နေ့ လွှတ်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက်မှ မပါဘူးလို့ သိရတယ်။ အခြားအမှုတွေ၊ ဆေးမှုတွေ၊ ခိုးဆိုးလုနှိုက်ပေါ့နော်။ ဒါမျိုးတွေ ကိုပဲ လွှတ်ပေးတယ်ဆိုတော့ နိုင်ငံကို အခုလို အခြေအနေထက်ဆိုးအောင် လုပ်နေ တယ်လို့တော့ မြင်တယ်။ အခုတောင် ဆိုးနေတာ အခုလိုလူမျိုးတွေ လွှတ်လိုက်တဲ့ အခါမှာ ဒီထက်ဆိုးမယ်လို့ ကျမမြင်တယ်”
သူ့အစ်ကိုဖြစ်သူကို အာဏာသိမ်းစစ်ကောင်စီက လူသတ်မှုနဲ့ ထောင်ဒဏ်အပြစ်ပေး ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ပါ ဆက်လက်စွဲဆိုထားတာကြောင့် အင်းစိန်ထောင်ထဲမှာ အမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာ သိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် ဧပြီ ၁၅ ရက် နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၁၃၂၈၂ ယောက်ရှိပါတယ်။
အဖမ်းခံခဲ့ရသူတွေမှာ သတင်းလောကသား ၁၃၅ ဦး ပါဝင်ခဲ့ပြီး လက်ရှိအဖမ်းခံနေရတဲ့ သတင်းသမား ၅၅ ဦး ရှိပါတယ်။
"ပညာတတ်တွေ တော်တော်များများကို ဖမ်းထားတယ်။ ဒါလည်း တော်တော်စိတ်မကောင်းဘူးပေါ့နော်။"
ဧရာဝတီတိုင်း ပုသိမ်မြို့ အခြေစိုက် သံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းရဲ့ ဇနီး မအိမွန်ဖြိုးကတော့ လွတ်ငြိမ်းသက်သာပေးမယ်ကြားတိုင်း သူ့ခင်ပွန်းဖြစ်သူကို မျှော်လင့် ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မမျှော်လင့်ခဲ့ဘူးလို့ ဆိုပါတယ်။
“ဒီတစ်ခေါက်တော့ မမျှော်လင့်တော့တာ။ မမျှော်လင့်တော့တာဆိုတာ အရင် နှစ်ကြိမ် တုန်းက တော်တော်ကြီးကို မျှော်လင့်ခဲ့တာ။ တပ်မတော်နေ့ဆိုရင် ရူးရူးမိုက်မိုက်ကို မျှော်လင့်ခဲ့တာ။ ဪ လွှတ်မှာပဲပေါ့။ တိုင်း ကောင်စီရုံးမှာ အသနားခံစာ တင်ပြီးတော့ မှ လက်မှတ်ထိုးတဲ့အဆင့်တွေအထိ ပြီးနေပြီလေ။ တိုင်းရဲကို အကြောင်းကြားမယ်ဆိုပြီး တော့မှ အဲဒီအဆင့်အထိ ရောက်သွားခဲ့တယ်။ အဲဒီအဆင့်လောက်အထိ လုပ်လိုက် ထားခဲ့တာဆိုတော့ အရမ်းကို မျှော်လင့်ခဲ့တာ။ လုံးဝ မဖြစ်လာဘူးလေ။ တပ်မတော်နေ့ ကဆို တစ်ယောက်မှတောင် မလွှတ်လိုက်ဘူးလေ။ နောက်ဆုံး နေမကောင်းပါ ဖြစ်သွားခဲ့တယ်။ အရမ်းမျှော်လင့်ထားပြီးတော့ မဖြစ်လာတဲ့အခါကျတော့လေ”
သူ့ခင်ပွန်းဖြစ်သူ ကိုရဲရင့်ထွန်းဟာ တရားရုံးမှာ ရဲထွက်ဆိုချက်တွေအရလည်း အပြစ်ရှိ ကြောင်း မပေါ် ပေါက်ခဲ့သလို ဖုန်းကို စစ်ဆေးတဲ့အခါမှာလည်း ဘာမှမတွေ့ရပေမယ့် ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ မအိမွန်ဖြိုးက ပြောပါတယ်။
သတင်းထောက် ကိုရဲရင့်ထွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပုသိမ်မြို့ ပုသိမ်ထီး ကျောက်တိုင် နားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်နေချိန် ဖမ်းဆီးခံခဲ့ရတာပါ။
စစ်ကောင်စီက ပြန်လွှတ်တဲ့အကျဉ်းသားထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်တဲ့ ကိစ္စကို သိနိုင်အောင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပတ်သက်လို့ စနစ်ပြောင်းချိန်မှာ ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးတာဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ကျခံနေရသူ တွေကို ပြစ်ဒဏ်လျှော့ပေါ့မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် နေ့က နေပြည်တော် မှာပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
စစ်ကောင်စီက လူဆိုးတွေကိုလွှတ်ပေးပြီး လူကောင်းတွေကို ဖမ်းထားတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
“ဒီနိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ဆက်လက်ပြီး အဲလို ဖမ်းဆီးထောင်ချ၊ နှိပ်စက်သတ်ဖြတ်နေတဲ့ တစ်ပြိုင်တည်းမှာ ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ပြစ်မှုမျိုးစုံ ကျူးလွန်ထားတဲ့ သူခိုးတွေ၊ ဓားပြတွေ သူတို့နဲ့ လည်း တစ်ဂိုဏ်းတည်း ဖြစ်တာကို အဲဒါတွေကိုတော့ လွှတ်ပေးရမှာပေါ့။ အဲဒါတွေ လွှတ်ပေးမှ သူလုပ်ချင်တာ လုပ်လို့ ရမယ်။ အကြမ်းဖက်သမားတွေ လူ့အဖွဲ့ အစည်းအတွင်းမှာ များလာမှ ပိုပြီးတော့ လုပ်လို့ကိုင်လို့ ကောင်းမယ်ဆိုတဲ့ အနေအထားအောက်မှာ အခုဟာက နိုင်ငံရေးသမား တွေကို ဆက်လက်ထောင်ချ။ သူခိုးတွေ ဓားပြတွေ၊ မုဒိမ်းသမားတွေ၊ ဆေးသမားတွေ ပြန်လွှတ်။ ဒါဟာ အကြမ်းဖက်သမားရဲ့ အကြမ်းဖက်စနစ်ကို အားပြုတဲ့ ပေါ်လစီ ဖြစ်ပါတယ်လို့ ကျနော်တော့ ပြောချင်ပါတယ်”
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာလည်း အကျဉ်းကျခံနေရသူ နှစ်သောင်း သုံးထောင်ကျော်ကို အာဏာသိမ်း စစ်ကောင်စီက လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် ဇွန်လမှာ ၂၂၀၀ ကျော်၊ အောက်တိုဘာလမှာ ၅၆၀၀ ကျော်၊ ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ၈၀၀ ကျော် လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အနည်းအကျဉ်းပဲ ပါဝင်ပါတယ်။