အာဆီယံညီလာခံမှာ မြန်မာ့အရေး အမေရိကန် ဖိအားပေးဆွေးနွေးဖို့ရှိ
စစ်ကောင်စီဟာ တိုင်းပြည်တွင်း ငြိမ်းငြိမ်းချမ်းချမ်းမရှိသေးတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို အမေရိကန်အနေနဲ့ စိုးရိမ်တယ်လို့လည်း ဆိုထားပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024-10-08 -
-
-
လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ ဒီအာဆီယံ ညီလာခံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလဲင်ကန် တက်ရောက်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဒေသတွင်း နိုင်ငံတွေပေါင်းပြီး ဖိအားပေးနိုင်ရေး ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က သတင်းထောက်တွေကိုပြောပါတယ်။
စစ်ကောင်စီဟာ တိုင်းပြည်တွင်း ငြိမ်းငြိမ်းချမ်းချမ်းမရှိသေးတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို အမေရိကန်အနေနဲ့ စိုးရိမ်တယ်လို့လည်း ဆိုထားပါတယ်။
အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေမှာပါသလို ... အကြမ်းဖက်တာတွေရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့ စတဲ့အချက်တွေကို စစ်ကောင်စီဘက်က ဘာတစ်ခုမှအကောင်အထည်ဖော်တာ မတွေ့သေးဘူးလို့လည်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက်အတွင်း အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးပေါင်း နှစ်ဒါဇင်ကျော် ကျင်းပဖို့ရှိပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာ့အရေးဖြေရှင်းဖို့ဆိုရင် သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးခွင့်ရဖို့လိုတယ်လို့ ညီလာခံမတိုင်ခင် သတင်းထောက်တွေကို ပြောပါတယ်။
"မြန်မာ့အရေးဖြေရှင်းဖို့ အဓိကအကျဆုံးအချက်ကတော့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးခွင့်ရဖို့ပဲ၊ အာဆီယံရဲ့ ဒီတောင်းဆိုချက်ကို မြန်မာဘက်က လိုက်လျောဖို့လိုတယ်။ ဒါဟာ အာဆီယံကချမှတ်ထားတဲ့ အချက်တွေထဲမှာလည်းပါတာမို့ ဒါကိုလိုက်လုပ်ဖို့လိုတယ်။ ကျွန်တော်တို့အားလုံးက မြန်မာပြည်က ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ချုပ်ငြိမ်းစေချင်ပါတယ်"
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ပေထုန်တန် ရှင်နာဝပ်ထရာကတော့ ဒီညီလာခံကနေ မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုထွက်လာဖို့ တွန်းအားပေးသွားဖို့ရှိတယ်လို့ ညီလာခံမတိုင်ခင်မှာ ထုတ်ပြောထားပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုပြီး အမြန်ဆုံးဖြေရှင်းဖို့လိုတယ်လို သူကတောင်းဆိုထားပါတယ်။
ဆက်နွှယ်သောသတင်းများ
အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်
မြန်မာ့အရေးအမြန်ဖြေရှင်းဖို့ အာဆီယံကို ထိုင်းဝန်ကြီးချုပ်သစ်တောင်းဆို
လာအိုမှာကျင်းပမဲ့ အာဆီယံအစည်းအဝေး စစ်ကောင်စီ အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်မည်
အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတွေမှာ စစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုပဲ တက်ခွင့်ပေးမယ်လို့ အဆင့်ချခံထားရတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ဒါကိုလက်မခံဘဲ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး ကိုယ်စားလှယ် မလွှတ်ခဲ့ပါဘူး။ လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဒီနှစ်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို တက်ရောက်ဖို့ ပထမဆုံးအကြိမ် စေလွှတ်ထားတာပါ။
ဒီလိုအစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုဖိတ်ဖို့ အရပ်ဖက်အဖွဲ့အစည်း ရာနဲ့ချီက အကြိမ်ကြိမ်တောင်းဆိုနေပေမဲ့ အာဆီယံက အခုထိ NUG အစိုးရကို ဖိတ်တာမရှိပါဘူး။
NUG အစိုးရပြောခွင့်ရှိသူ ဦးကျော်ဇော်က "စစ်ကောင်စီသည် ပြည်သူလူထုကို ကိုယ်စားမပြုဘူး။ ဒါကြောင့် စစ်ကောင်စီခန့်ထားတဲ့ နိုင်ငံရေးကိုယ်စားလှယ်ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ပေးမတက်သင့်ဘူးလို့ ပြောထားတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေးဖိအားပေးဖို့၊ လူသားချင်းစာနာမှုပေးတဲ့နေရာမှာ အနှောင့်အယှက်ပေးပြီး တားဆီးပိတ်ပင်တာတွေ မလုပ်အောင်ဖိအားပေးဖို့ လိုအပ်သလို အရေးယူဖို့၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်"
လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အခုညီလာခံပြီးရင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မလေးရှားကလွှဲပြောင်းယူမှာဖြစ်ပါတယ်။ မလေးရှားအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ မြန်မာ့အရေးပိုလုပ်နိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။
မလေးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်မယူခင် ဒီနှစ်ကုန်ပိုင်းအတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား သုံးနိုင်ငံဦးဆောင်မဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ် ထိုင်းနိုင်ငံမှာ ကျင်းပသွားမယ်လို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က ဒီနေ့ သတင်းထောက်တွေကိုပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးတိုးတက်မှုတွေနဲ့ နောက်ထပ်ဘာတွေဆက်လုပ်မလဲဆိုတာကိုဆွေးနွေးမယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကြရင် NUG အစိုးရကို ဖိတ်ဖို့ရှိလားလို့ သတင်းထောက်တစ်ဦးကမေးမြန်းချိန်မှာတော့ ..."အဲဒီလို ဖိတ်၊ မဖိတ် ကျွန်တော်တို့မသိသေးပါဘူး။ ဒါပေမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေပါပါမယ်။ သူတို့နဲ့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား သုံးနိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။