ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကရင်နီလူငယ်တွေ ထောင်ဒဏ်ကျ
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် နိုင်ငံသားများရဲ့ ပုဂ္ဂိလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပုဒ်မ ၁၀ နဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လချမှတ်လိုက်ပါတယ်။
-
နေမျိုးထွန်း
2019-11-07 -
-
-
Your browser doesn’t support HTML5 audio
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် နိုင်ငံသားများရဲ့ ပုဂ္ဂိလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပုဒ်မ ၁၀ နဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လချမှတ်လိုက်ပါတယ်။
နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီက နိုင်လွတ်လုံပုဒ်မကို အသုံးပြုပြီး တရားစွဲတာကို လက်ခံနိုင်ပေမယ့်၊ ပြည်နယ်အစိုးရကိုယ်စား စွဲဆိုတဲ့အချက်ဟာ မှားယွင်းနေတယ်လို့ စွပ်စွဲခံရသူ လူငယ် ခြောက်ဦးအတွက် အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ စောခူးတလေ က ပြောပါတယ်။
“ဒီက အမိန့်ချတာကတော့ ဦးအယ်ဖောင်းရှိုနဲ့ ဦးမော်မော်အပေါ် ပုဒ်မ ၈ (စ)အရ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး နောက်သူတို့ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ ဂုဏ်တွေကို ထိခိုက်နစ်နာတယ်ပေါ့နော်။ မြို့နယ်တရားသူကြီးကနေ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လ ချုပ်ရက်ကို ထုတ်နုတ်ခံစားစေဆိုပြီးတော့ အမိန်ချလိုက်တယ်။ အစကတည်းက ဒီပုဒ်မက ဒါ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီက စွဲတယ်ဆိုရင် ကိစ္စမရှိဘူး။ အခုက အစိုးရကိုယ်စား စွဲခိုင်းတယ်ဆိုတာကတော့ အရမ်းမှားယွင်းနေတယ်လို့ပဲ ပြောချင်ပါတယ်”
ဒါ့အပြင် တရားရုံးရဲ့ အမိန့်အရ ချုပ်ရက်ကို ပြစ်ဒဏ်က ထုတ်နုတ်ခံစားခွင့် ပြုတာကြောင့် လေးလကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး အချုပ်ထဲကနေ တရားရင်ဆိုင်ရတာကြောင့် ကရင်နီလူငယ် ခြောက်ဦးဟာ ဒီဇင်ဘာလလောက်မှာ ပြန်လည်လွတ်မြောက်မယ်လို့လည်း ရှေ့နေ စောခူးတလေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ သုံးရက်နေ့ထဲက ကိုခူကြူးဖဲကေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုဂျွန်ပေါ၊ ကိုမျိုးလှိုင်ဝင်း၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ၊ ကိုခူးရီဒူးတို့ ငါးဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ အခမ်းအနားမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လူငယ်တွေရဲ့ ထုတ်ပြန်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့လည်း ကိုက်ညီနေတဲ့အတွက် အခုလို တရားစွဲဆိုတာဟာ တဖြည်းဖြည်းနဲ့ လက်ရှိအုပ်ချုပ်ရေးမဏ္ဍိုင်က လူတွေကိုယ်တိုင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို မှေးမှိန်အောင် လုပ်နေတာဖြစ်တယ်လို့ ကရင်နီလူငယ် ခြောက်ဦးရဲ့ အမှုကို သက်သေလိုက်ပေးခဲ့တဲ့ ဦးကျော်ထင်အောင်က ပြောပါတယ်။
“လူငယ်တွေရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အရ လုပ်ဆောင်တာဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကနေ ပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့လည်း ကိုက်ညီနေတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ပြောဆိုမှုပေါ် တရားစွဲဆိုခြင်းဟာလည်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ တဖြေးဖြေးနဲ့ ပြည်သူနဲ့အတူဆိုတဲ့ အစိုးရလက်ထက်မှာ အဲအုပ်ချုပ်ရေးမဏ္ဍိုင်က အဲဒီလူတွေကိုယ်တိုင်က ဆိတ်သုန်းလာအောင် လုပ်ဆောင်လာတဲ့ အနေအထားလို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်ပါတယ်”
ကရင်နီလူငယ်သမဂ္ဂ ဥက္ကဋ္ဌ ခွန်းဘားနဒ်ဘုတ်ကတော့ ဗိုလ်ချုပ်ကြေးရုပ်အရေးကို ကန့်ကွက်တာဟာ တိုင်းရင်းသားအရေးကို မေးခွန်းထုတ်စရာဖြစ်ကြောင်းနဲ့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ အပြစ်ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လူငယ်တွေကို ဖိနှိပ်တယ်လို့ပဲ မြင်ကြောင်းပြောပါတယ်။
“အဓိကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တာ တိုင်းရင်းသားအရေးကို မေးခွန်းထုတ်စရာဖြစ်တယ်။ တကယ်တမ်း ဘာပြစ်ဒဏ်မှကို မချသင့်ဘူးလို့ပဲ မြင်တယ်။ အဲဒီမှာ ဒီလိုမျိုးချတာကတော့ အပြစ်ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လူငယ်တွေကို ဖိနှိပ်တယ်လို့ပဲ မြင်တယ်”
လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ကရင်နီလူငယ်တွေ ကန့်ကွက်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စိုက်ထူခဲ့တဲ့အတွက် ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ကရင်နီလူငယ်တွေက ထုတ်ပြန်ခဲ့တာကြောင့် ပြည်နယ်အစိုးရက တရားစွဲထားတာဖြစ်ပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကရင်နီလူငယ် ခြောက်ဦးရဲ့ သက်သေလုပ်ပေးခဲ့တဲ့ ဦးကျော်ထင်အောင်ကတော့ ဌာနေတိုင်းရင်းသား အခွင့်အရေးကို လျစ်လျှူရှု့ပြီးတော့ လူထုသဘောမတူဘဲနဲ့ အများကန့်ကွက်နေတဲ့ကြားက အတင်အဓ္ဓမ တည်ဆောက်ခဲ့တာကြောင့် ဦးဆောင်သူတွေအပေါ် လူထုက ယုံကြည်မှု ပျက်သုန်းသွားကြောင်းနဲ့ ဒီအမှုဆုံးဖြတ်ချက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအထိ သက်ရောက်နိုင်တယ်လို့ ပြောပါတယ်။
“ဌာနေတိုင်းရင်းသား အခွင့်အရေးကိုလျစ်လျှူရှု့ပြီးတော့ လူထုသဘောမတူဘဲနဲ့ အများကန့်ကွက်နေ တဲ့ကြားက အတင်းအဓ္ဓမ တည်ဆောက်ခြင်းမို့လို့ ဦးဆောင်သူတွေအပေါ် လူထုတွေကတော့ တော်တော်လေးကို ယုံကြည်မှု ပျက်သုန်းသွားတာဖြစ်တဲ့အတွက် သူတို့ရဲ့ နောက်ဆက်တွဲ အရွေးချယ်ခံဖို့ အတွက်ကတော့ ဘယ်လိုမှကို မဖြစ်နိုင်သလို ငါ့တို့တိုင်းရင်းသားအတွက် ငါ့တို့ကိုယ်တိုင်ပဲ ကြိုးစားရမယ် ဆိုတဲ့ အသိဝင်သွားမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲအထိကိုပါ ဒါသက်ရောက်နိုင်တဲ့ အမှုဆုံးဖြတ်ချက် ဖြစ်ပါတယ်”
အဲဒီလူငယ် ခြောက်ဦး ဖမ်းဆီးခံရပြီးနောက် ကရင်နီတိုင်းရင်းသား ၁၁၆ ဦးက ဝန်ကြီးချုပ်နဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသားသစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာစာကို ကရင်နီလူငယ်တွေက ပြည်နယ်အစိုးရရုံးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ပေးပို့ခဲ့ကြောင်းသိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူလို့ ကန့်ကွက်မှုကြုံရတာ ကယားပြည်နယ်အပြင်၊ မွန်ပြည်နယ် မုဒုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားတို့မှာလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ကန့်ကွက်မှုတွေကြားထဲကနေ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခဲ့ကြပါတယ်။
NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ မြို့ကြီးတွေမှာ ဗိုလ်ချုပ်ရုပ်တုတွေ ထားရှိတဲ့ကိစ္စဟာပါတီရဲ့ မူဝါဒမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
၂၀၁၈ ခုနှစ်ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ချင်းပြည်နယ်အစိုးရက ဆောင်ရွက်လို့ ကန့်ကွက်မှုတွေကြုံရပြီးတော့၊ ချင်းလူငယ်တွေနဲ့ အစိုးရတို့ ကြေးရုပ်စိုက်ထူရေးကို ညှိနှိုင်းနေဆဲလို့ သိရပါတယ်။