ဗိုလ်ချုပ်ရုပ်တုနဲ့ ချင်းခေါင်းဆောင်ရုပ်တု ပြဿနာ


2019.10.17
chin-bogyoke-622.jpg ချင်းပြည်နယ်တွင် စိုက်ထူမည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု။
Photo: RFA

ဟားခါးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားနိုင်ဖို့ အစိုးရဘက်က ပြင်ဆင်ရာမှာ ကန့်ကွက်မှုတွေရှိခဲ့တဲ့အတွက် ဗိုလ်ချုပ်ရုပ်တုနဲ့အတူ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းခေါင်းဆောင် သုံးဦးရဲ့ ရုပ်ထုကိုပါထားနိုင်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတင်းမီဒီယာကတဆင့် ချင်းလူထုကို အသိပေးခဲ့ပါတယ်။

အစိုးရအဖွဲ့ရဲ့ ကမ်းလှမ်းချက်အပေါ် ချင်းတိုင်းရင်းသားပါတီတွေနဲ့ ချင်းလူငယ်အဖွဲ့တွေရဲ့ သဘောထား ဘယ်လိုရှိလဲ လို့ RFA က မေးမြန်းကြည့်တဲ့အခါ အငြင်းပွားစရာတွေ ရှိနေဆဲဖြစ်တာကို တေ့ွရပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ရုပ်တုကိစ္စမှာ ကန့်ကွက်မှုတွေ ထက်ဝက်လောက် လျော့ကျသွားတယ်လို့ လေ့လာတေ့ွရှိရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခဲ့တုန်းကလို ပြဿနာ အကြီးအကျယ်တက်နိုင်စရာမရှိဘူး လို့လည်း သူက ခန့်မှန်းပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ချင်းပြည်နယ်ကိုရောက်လာစဉ် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ချင်းလူငယ်ကွန်ယက် က ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုဟာ ဒေသခံတိုင်းရင်းသားတွေကြား လူမျိုးကြီးဝါဒလွှမ်းမိုးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့တာပါ။

ခေါင်းဆောင်တွေ ဟုတ်၊ မဟုတ် ကျနော်တို့ ချင်းကြားထဲမှာလည်း  အငြင်းပွားစရာ အများကြီးရှိတယ်

အဲဒီလိုကန့်ကွက်ခဲ့တဲ့ ချင်းလူငယ်များကွန်ယက်က Salai Mon Boi ကို  ချင်းခေါင်းဆောင်တွေနဲ့အတူ ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိဖို့ အစိုးရက ပြင်ဆင်ဆောင်ရွက်နေမှုအပေါ်မှာ ဘယ်လို သဘောထားရှိလဲလို့ မေးကြည့်ရာမှာ

“ပင်လုံမှာ လက်မှတ်ထိုးထားတဲ့ သုံးယောက်ဆိုရင်လည်း ဟားခါး၊ ဖလမ်း၊ တီးတိန်ပဲ ကိုယ်စားပြုပြီးတော့ ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့သူတွေကို ကိုယ်စားမပြုသလို ပြည်နယ်ပြင်ပမှာရှိနေတဲ့ ချင်းမျိုးနွယ်စုတွေ ကိုလည်း ကိုယ်စားမပြုတဲ့ပုံတွေ အများကြီးရှိနေတော့ ပင်လုံမှာ လက်မှတ်ထိုးခဲ့တဲ့ သုံးယောက်ကိုပဲ တည်မယ် ဆိုရင် စဉ်းစားစရာတွေ  အများကြီးရှိလာနိုင်တယ်။ ကျနော်တို့ ချင်းကြားထဲမှာလည်း  အငြင်းပွားစရာတွေ အများကြီးရှိတယ်။ ခေါင်းဆောင်တွေ ဟုတ်၊ မဟုတ်။ အဲဒါကြောင့် ဒီအချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်အပါအဝင် ချင်းခေါင်းဆောင် သုံးယောက်ရဲ့ရုပ်တုလည်း မတည်သင့်ဘူးလို့ ကျနော်က သဘောထားပေးချင်တယ်။”

ချင်းလူငယ်များကွန်ယက်အနေနဲ့ ဒီလအတွင်း ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ဌာနချုပ်ရုံးရှိတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပူးတွဲဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် ကလည်း ကြေးရုပ်တုတွေ စိုက်ထူမယ်ဆိုတဲ့ အစီအစဉ်တွေကို လက်မခံဘူးလို့ ပြောပါတယ်။

“ကျနော် ပုဂ္ဂိုလ်ရေးအရပြောရရင် ဗိုလ်ချုပ်ဆိုတာလည်း တကယ်တမ်းပြောရရင်တော့ ပင်လုံစာချုပ်မှာ ချင်းတွေ ကို ကိုယ်စားမပြုဘူး။ သူက ဗမာအစိုးရကို ကိုယ်စားပြုတာ။ အဲတော့ ဗိုလ်ချုပ်ကြေးရုပ်ဟာ ချင်းပြည်နယ်အတွက် လိုအပ်တယ်လို့ မယူဆဘူး။ ဗိုလ်ချုပ်ကြေးရုပ်ကို လုပ်ချင်လို့ ချင်းခေါင်းဆောင်တွေကိုပါ အဲဒီဘေးမှာ အခြံအရံ အနေနဲ့ လုပ်ပေးမယ်ဆိုတာကလည်း ကျနော့်အမြင်ကတော့ လက်မခံဘူးဗျ။ ချင်းခေါင်းဆောင်တွေက ဗိုလ်ချုပ် ရဲ့ အခြံအရံတွေ မဟုတ်ဘူး။”

အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် စောင့်ကြည့်ပြီး ပါတီအနေနဲ့ သဘောထားတွေ ထုတ်ပြန်ဖို့ရှိတယ်လို့ သူကပြောပါတယ်။

လက်ရှိ သွန်းလုပ်ပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တုဟာ အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ ဆောင်ရွက်တာမဟုတ်ဘဲ အလှူရှင် ရှာဖွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး ချင်းခေါင်းဆောင်တွေရဲ့ ရုပ်တုတွေ သွန်းလုပ်မယ်ဆိုရင်လည်း အလှူရှင်ရှာရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက်

ကြေးရုပ်တု သွန်းလုပ်ရာမှာ ကုန်ကျနိုင်တဲ့စရိတ်ကို သူက အခုလို တွက်ပြပါတယ်။

“ရုပ်တု တစ်ခုကို အနည်းဆုံး သိန်း ၂၀၀၊ ၃၀၀ လောက်ကုန်တယ်။ အဲအတွက်ကို ရန်ပုံငွေ ရှာရဦးမယ်။ အလှူရှင်ရှာရဦးမယ်။ ကျနော် တို့ အစိုးရအဖွဲ့ကတော့ ဒီကိစ္စမှာ ဝင်ပါဖို့မရှိဘူး။ ဒေသမှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ CSO တွေ ဒီဟာကို စိတ်ဝင်စားတဲ့လူတွေ ဒါနဲ့ပဲ တည်ဆောက်ရမယ်။ ဘတ်ဂျက်လည်းမသုံးဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုပါတဲ့နေရာတိုင်းမှာ ပြဿနာတက်နေကြတာဖြစ်တယ်။ ကယားတို့ မွန်တို့ ကချင်တို့မှာလည်း အဲလိုဖြစ်တော့လေ။”

မိမိစရိတ်နဲ့ မိမိစိုက်ထူရမှာဖြစ်တဲ့အတွက် ချင်းခေါင်းဆောင်တွေ ရုပ်ထုပြီးမြောက်နိုင်ဖို့ကလည်း အခက်အခဲရှိ တယ်လို့ ချင်းတိုင်းရင်းသားတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူဖို့ ဖြစ်လာခဲ့တဲ့ အခြေအနေက အရင်အစိုးရလက်ထက်က စည်ပင်ပန်းခြံအဖြစ်ထားရှိတဲ့မြေနေရာမှာ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်ရှိခဲ့ပြီး အဲဒီနေရာမှာ ချင်းပြည်နယ်လွှတ်တော်ရုံး ဆောက်ခဲ့တဲ့အတွက် ရှိပြီးသား ရုပ်တုပျက်သွားလို့ အသစ်ပြန်လုပ်နိုင်ဖို့ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ကြေးရုပ်ကုန်ကျစရိတ်အတွက် လွှတ်တော်က အလှူရှင် ရှာဖွေပေးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ဟားခါးမြို့အဝင် ရှူခင်းသာမှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ စီစဉ်နေပြီး ကြေးရုပ်မထားခင် ပန်းခြံ တည်ဆောက်မှာဖြစ်ပြီး လာမယ့် ၂၀၂၀ ကုန်ပိုင်းရောက်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စိုက်ထူနိုင်လိမ့်မယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ဒီရုပ်တုတွေထားရှိနိုင်ရေးနဲ့ ပတ်သက်လို့ လက်မခံသူတွေရှိသလို ထောက်ခံသူတွေလည်း ရှိကြပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ဌာနချုပ်ရုံးရှိပြီး ချင်းပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းတိုင်းရင်းသားများပါတီ ဥက္ကဌ ဆလိုင်းအေးထွန်းမင်းကတော့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုအပေါ် ကန့်ကွက်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

“ဗိုလ်ချုပ်ကြေးရုပ်လေး စိုက်ထူရုံနဲ့တော့ ကျနော်တို့အနေနဲ့တော့ ဘာမှပြင်းပြင်းထန်ထန် ပြောစရာမလိုဘူးဗျာ။ ဗိုလ်ချုပ်ဆိုတာလည်း ဗမာလူမျိုးအတွက်လေးတင် လွတ်လပ်ခွင့်ရဖို့အတွက်လေးတင် လုပ်ခဲ့တာမဟုတ်ဘူး။ ချင်းထဲမှာလည်း ဆလိုင်းတင်မောင်ဦးတို့ဆိုလည်း တတိုင်းပြည်လုံးအတွက် အများကြီးကြိုးစားသွားခဲ့တာပဲလေ။ ဆလိုင်းတင်မောင်ဦးရဲ့ ရုပ်တုလည်းနောက်ပိုင်းမှာ ဗမာပြည်ထဲမှာ စိုက်ထူမယ့်နေရာလည်းရှိရင်ရှိလာမှာပဲလေ။”

လတ်တလောမှာတော့ ဗိုလ်ချုပ်ကြေးရုပ်ကို လွှတ်တော်ရုံးမှာထားရှိပြီး ကြေးရုပ်စိုက်ထူမှုအတွက် အစိုးရအဖွဲ့က အလျင်စလို ဆောင်ရွက်နေတာမရှိဘဲ ပါတီတွေနဲ့ ချင်းအရပ်ဖက်အဖွဲ့တွေက စောင့်ကြည့်နေတဲ့ အခြေအနေ မှာရှိနေပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးဟာ တိုင်းရင်းသားဒေသတွေမှာ အမြင်သဘောထားကွဲလွဲမှုတွေကြောင့် မပြေလည်မှုတွေရှိနေဆဲကိစ္စဖြစ်နေပါတယ်။

( RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။