အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် ရှစ်သောင်းနီးပါးရှိလာ
2023.11.09

နိုင်ငံတစ်ဝန်း ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နဲ့ သူ့ရဲ့ လက်အောက်ခံတပ်တွေက ကျေးရွာတွေထဲ ဝင်ရောက်စီးနင်း မီးရှို့တာတွေကြောင့် မီးလောင်ပျက်စီးရတဲ့ နေအိမ် အရေအတွက်ဟာ ဆက်လက် မြင့်တက်နေပါတယ်။
ဒီဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က အာဏာသိမ်းချိန်ကနေ ၂၀၂၃ခုနှစ် အောက်တိုဘာလကုန်အထိ နေအိမ် ရှစ်သောင်းနီးပါး (၇၆,၉၂၃ လုံး) မီးလောင်ပျက်စီးခဲ့တယ်လို့ နိုဝင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီထဲက ၃၇ ရာခိုင်နှုန်းဖြစ်တဲ့ နေအိမ်သုံး သောင်းနီးပါး (၂၈,၄၆၀ လုံး) ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
“ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ လူအခွင့်အရေး ရှုထောင်အရ လက်ခံနိုင်ဖွယ်ရာ မရှိဘူး”
နိုဝင်ဘာလ ၇ ရက်ကလည်း စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပြားရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့သလို ကွမ်းစိုက်ခင်းခြံနဲ့ နေအိမ် စုစုပေါင်း ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြားရွာခံတစ်ဦးက ပြောပါတယ်။
“ပြားရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ကွမ်းခြံတွေ မီးရှို့ပြီး ရွာထဲ ဝင်လာတယ်ဗျ။ ကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ကွမ်းခြံတွေကို လိုက်ပြီးတော့ မီးရှို့တယ်။ ပြည်သူတွေ တွေ့ရင် လိုက်ပစ်တယ်။ အဲဒီလိုကနေ စဖြစ်တာ။ နေအိမ်ရော ကွမ်းခြံရောဆိုရင် ၃၇ လုံးပါသွားတယ်”
ဒီစီးနင်းမှုအတွင်း သုံးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကလည်း ပြားရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၇ လုံး မီးလောင်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရမှု အများဆုံးက စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စုစုပေါင်း နေအိမ် ခြောက်သောင်းနီးပါး (၅၈,၃၉၇ လုံး) ပျက်စီးခဲ့ပါတယ်။
လက်နက်ကိုင် ခုခံမှုပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာ မီးရှို့မှုတွေ ဆက်ရှိနေပြီး နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် လက်တောင်းငယ်ရွာဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ယင်းမာပင် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းက ရွာကို ဝင်မီးရှို့ခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၇) က PDF တပ်ဖွဲ့ဝင် ကိုမင်းကိုက ပြောပါတယ်။
“သူတို့ ဒီလက်တောင်းငယ်ရွာနား ရောက်တဲ့အခါမှာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မိုင်းဆွဲတာတွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါမှာ သူတို့ဘက်က အထိအခိုက် များသွားလို့ သူတို့က လက်တောင်းငယ်ရွာကို မီးရှို့ခဲ့တာ။ လက်တောင်းငယ်ရွာမှာ အိမ်ခြေက ခြောက်ဆယ် ခုနစ်ဆယ် ဝန်းကျင်လောက် ရှိတယ်။ လက်ရှိအထိဆိုရင် ဆယ်အိမ်ဝန်းကျင်ပဲ ကျန်တော့တယ်”
အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ လက်တောင်းငယ် ရွာခံတွေကတော့ မိုးကာစတွေနဲ့ ယာယီ တဲထိုးနေထိုင်ရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် နိုင်ငံတစ်ဝန်းက အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေအတွက် ရာနှုန်းပြည့် ပြန်လည် ထူထောင်ရေးလုပ်ဖို့ မလွယ်ဘူးလို့ စစ်ဘေး ဒုက္ခသည်အရေး ကူညီနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ ထူထောင်ရေးမှာ ဘယ်လို အခက်အခဲတွေ ရှိကြလဲဆိုတော့ ပြန်လည်ကို မထူထောင်နိုင်ကြတာ။ အခုဆိုရင် ဆန်ကွဲတောင်မှ ကျပ် သုံးထောင်ကျော် လေးထောင်နီးပါး ပေးနေရတဲ့အခါမှာ ဆန် ဆီ ဝယ်ဖို့ သူတို့ တစ်ရက်စာ လုပ်အားခက မလုံလောက်တဲ့အခါမှာ ပြန်လည် ထူထောင်ဖို့က အရမ်းကိုခဲယဉ်းသွားတယ်။ တချို့ဆို ပြန်မထူထောင်နိုင်ဘဲနဲ့ နီးစပ်ရာရွာတွေမှာ ခိုကပ်နေရတယ်။ တချို့ကျတော့လည်း အိမ်တောင် ပြန်မဆောက်နိုင်တော့ မိုးကာလေးတွေနဲ့ တဲထိုးပြီး နေနေရတယ်။ အကုန်လုံးက လက်လုပ်လက်စာတွေ ဖြစ်တဲ့အတွက် ပြန်လည် ထူထောင်ဖို့ဆိုတာ အဆင်မပြေတော့တာပေါ့”
အခုလို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့ လက်အောက်ခံတပ်တွေက မီးရှို့တဲ့ဖြစ်စဉ်တွေ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်ခဲ့တာလို့ Data for Myanamr အဖွဲ့က ထုတ်ပြန်ပါတယ်။ နေအိမ်တွေ မီးရှို့ခံရတာကြောင့် အရပ်သား လေးသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တုန်းကမှ မီးမရှို့ဘူးလို့ ဖြေဆိုခဲ့ပါတယ်။
နေအိမ် မီးရှို့ခံရသူတွေနဲ့ ဒေသခံတွေကတော့ သူတို့ နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြောဆိုပါတယ်။
ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ လူအခွင့်အရေး ရှုထောင်အရ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights ရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။
“ဒီလိုမျိုး စစ်ကောင်စီကနေ အတင်းအဓမ္မ ပြည်သူတွေရဲ့ အိုးအိမ်တွေကို လက်နက်အားကိုးနဲ့ မီးရှို့နေတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ လူ့အခွင့်အရေး ရှုထောင်က ကြည့်မယ်ဆိုရင်ပေါ့။ သူတို့ (ပြည်သူတွေ) က အကြမ်းဖက်သမား မဟုတ်ဘူး။ ဒါက ပြည်သူက အေးချမ်းချမ်းနဲ့ နေနေတဲ့သူတွေ။ နောက်ပြီးတော့ မီးရှို့ပျက်စီးသွားတဲ့ဟာတွေကို နိုင်ငံတော်ဘဏ္ဍာကနေ သူတို့ကို ပြန်လည် ထူထောင်ပေးရမှာပေါ့။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးရမယ်”
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်ရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ နှစ်သန်းနီးပါး ရှိလာပြီလို့ ဖော်ပြထားပါတယ်။
အဲဒီထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။