နိဂုံးမလှတဲ့ CDM တပ်ပြေးများဆိုပြီး စစ်ကောင်စီဝါဒဖြန့်
နိဂုံးမလှတဲ့ CDM တပ်ပြေးများရဲ့နောက်ဆုံးအခြေအနေဆိုပြီး စစ်ကောင်စီက တပ်တွင်းသတင်းဖြန့်ဖို့ ရေးသားတဲ့စာတစ်စောင် ပြည်တွင်းက စစ်ကောင်စီတပ်တွင်းဖရဲသီးလို့ အမည်ပေးထားတဲ့ တပ်တွင်းသတင်းပေးတွေကတစ်ဆင့် စာတွေပြန့်လာနေတယ်လို့ CDM တပ်ဖွဲ့ အသိုင်းအ၀ိုင်းအတွင်း ပြောဆိုနေကြပါတယ်။
-
တင်အောင်ခိုင်
2023-06-30 -
-
-
နိဂုံးမလှတဲ့ CDM တပ်ပြေးများရဲ့နောက်ဆုံးအခြေအနေဆိုပြီး စစ်ကောင်စီက တပ်တွင်းသတင်းဖြန့်ဖို့ ရေးသားတဲ့စာတစ်စောင် ပြည်တွင်းက စစ်ကောင်စီတပ်တွင်းဖရဲသီးလို့ အမည်ပေးထားတဲ့ တပ်တွင်းသတင်းပေးတွေကတစ်ဆင့် စာတွေပြန့်လာနေတယ်လို့ CDM တပ်ဖွဲ့ အသိုင်းအ၀ိုင်းအတွင်း ပြောဆိုနေကြပါတယ်။
ဒီစာတွေထဲမှာ CDM ပြုလုပ်လာကြတဲ့ တပ်ဖွဲ့၀င်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက ယုံကြည်မှုမရှိကြတဲ့အကြောင်း၊ KNU နဲ့ KIA နယ်မြေတွေအတွင်း တပ်စခန်းတွေဗုံးကြဲခံရတာ၊ လက်နက်ခဲယမ်းသယ်ယူတာတွေ၊ ဖမ်းမိတာတွေနဲ့ ပတ်သက်ပြီး CDM တွေအပေါ် သံသယ၀င်နေတယ် စသဖြင့် ရေးသားထားသလို မကွေးတိုင်း သရက်ခရိုင်ထဲမှာဖြစ်ပွားတဲ့ မိုးကြိုးအဖွဲ့က CDM ဗိုလ်ကြီးသူရိန်၀င်း အမည်၀ှက် ဆိုင်ဂုံ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ရေးသားထားပြီး တပ်တွင်းက CDM တွေ တိုင်းရင်းသားနယ်မြေထဲရောက်ရင် သူလျှို(ဒလန်)လို့ စွပ်စွဲခံရပြီး ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းစကားကိုဖြန့်ဖို့ အရာရှိစစ်သည်နဲ့ မိသားစု၀င်တွေကို ရှင်းလင်းဖို့ဖြစ်တယ်လို့ ဖြန်၀ေတဲ့စာမှာ ဖော်ပြပါတယ်။
ဒီစာနဲ့ပတ်သက်ပြီး CDM တပ်ကြပ်ကြီးစာရေးတစ်ဦးဖြစ်တဲ့ တပ်ကြပ်ကြီး သန်း၀င်းက စာထွက်လာတာကိုသိရှိပြီး ၀ါဒဖြန့်တာသက်သက်ဖြစ်တယ်လို့ ပြောပါတယ်။
“CDM အဖွဲ့အားလုံးကို ဒုက္ခရောက်နေတဲ့ပုံစံနဲ့ ၀ါဒဖြန့်နေတာပါ၊ သဘာ၀လည်းမကျပါဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူး၊ လက်တွေ့မြေပြင်မှာ ကျွန်တော်တို့ရှိပါတယ်၊ ကျွန်တော်တို့ကို စောင့်ရှောက်ထားပါတယ်၊ ကျွန်တော်တို့ ပျော်ရွင်စွာနဲ့ ဆက်ပြီးတာ၀န်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယအတွင်း၀န် ဦးမောင်မောင်ဆွေကလည်း တပ်တွင်း၀ါဒဖြန့်မှုသက်သက်ဖြစ်တယ်လို့ပြောပါတယ်။
“တပ်ကပြိုကွဲလာတာကို ဖုံးကွယ်ဖို့ဆိုပြီး ဆိုက်၀ါးတွေပေါ့ လိမ်ပြီးတပ်တွင်းမှာ စီမံချက်ချပြီးလုပ်နေကြတာ၊ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ တပ်တွင်း အခြေအနေကို သိနိုင်ပါတယ်”
တဆက်တည်း စစ်ကောင်စီဟာ ဗိုလ်ကြီး သူရိန်၀င်း အမည်၀ှက် ဆိုင်ဂုံ အမှုကိစ္စကို ရှေ့တန်းတင်ပြီး ၀ါဒဖြန့်ဖို့ ကြိုးစားနေတာကြောင့် ဗိုလ်ကြီး သူရိန်၀င်း အမှုကိစ္စကို သတိထားကိုင်တွယ်နေပါတယ်လို့ပြောပါတယ်။
“ပစ်မထားပါဘူး CDM ၀င်လာတဲ့ ရဲဘော်ဖြစ်တယ်၊ တော်လှန်ရေးတာ၀န်ကိုထမ်းဆောင်နေတဲ့ ရဲဘော်ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့ပစ်မထားပါဘူး လုပ်ဆောင်နေပါတယ်၊ တချို့ အပိုင်းတွေကကျတော့ နိုင်ငံရေးအခြေအနေအရ တော်လှန်ရေးအခြေအနေအရ အားလုံးကို ထုတ်ပြောလို့မရလို့ မပြောတာပါ၊ ကျွန်တော်တို့ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်”
CDM တပ်ဖွဲ့တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မယုံဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး KIO အဖွဲ့အနေနဲ့ CDM အဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အလုပ်လုပ်တာမျိုးရှိပြီး သူတို့ကို သတိထားဖို့ ဆွေးနွေးတာ မရှိသလို ဆုံးဖြတ်ချက်ချထားတာလည်း မရှိဘူးလို့ KIO ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
“ကျွန်တော်တို့ သူတို့နဲ့ပူးပေါင်းပြီးတော့မှ တော်လှန်ရေးကိုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ CDM တပ်ဖွဲ့တွေအပေါ်မှာ မယုံမကြည်ဖြစ်တဲ့အကြောင်းတွေ သဘောထားထုတ်ပြန်တာတွေ၊ သဘောထားချမှတ်ထားတာတွေမရှိပါဘူး၊ ရှေ့တန်းရောက်နေတဲ့ အဖွဲ့တွေမှာတော့ အရေးပေါ်အခြေအနေမှာတော့ ဘယ်လိုပြောကြသလဲ ကျွန်တော်တို့တော့ မသိပါဘူး”
CDM တပ်ဖွဲ့တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက ယုံကြည်မှုမရှိဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းတဲ့စွပ်စွဲချက်ဖြစ်တယ်လို့ KNU တပ်ဖွဲ့ကပြောပါတယ်။ CDM အဖွဲ့တွေအနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ နေထိုင်မှုအခက်အခဲတချို့ရှိပေမဲ့ အမြဲတိုင်ပင်ဆောင်ရွက်မှုရှိပါတယ်လို့ KNUအဖွဲ့ပြန်ကြားရေးတာ၀န်ခံ ဖထိုကလယ်ဆေး က ပြောပါတယ်။
“အားလုံးကိုတော့ ကျွန်တော်တို့ လိုက်ပြီးဖြည့်ဆည်းဖို့ ကျွန်တော်တို့မှာ အခက်အခဲရှိပါတယ်၊ ဒါပေမဲ့ CDM စစ်သားတွေနဲ့ တိုင်ပင်ဆွေးနွေးမှုနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်၊ ကြီးမားတဲ့အခက်အခဲ လုံး၀မရှိပါဘူး၊သို့သော်ငြားလည်း CDM တွေကို ပထမဆုံးဖိတ်ခေါခဲ့တဲ့ NUG အနေနဲ့ တာ၀န်ယူရမဲ့အပိုင်းတွေလည်းရှိပါတယ်၊ သူတို့ရဲ့အနာဂတ်အတွက် တာ၀န်ယူဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်”
စစ်ကောင်စီတပ်တွေအတွင်း CDM တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ ၀ါဒဖြန့်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမဲ့ ဖုံးလက်ခံဖြေဆိုခြင်းမရှိတာကြောင့် စစ်တပ်အရာရှိတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးကိုမေးမြန်းတဲ့အခါ သူအနေနဲ့ မသိရှိသေးဘူးလို့ ပြောပါတယ်။
“လက်တွေ့တော့ ကျွန်တော်လည်း ဘာမှမလေ့လာရသေးဘူးဆိုတော့ ဒါနဲ့ပတ်သက်ပြီး ပြောဖို့တော့မရှိပါဘူး၊ ဒါပေမဲ့ တပ်ထဲမှာ နဂိုကထဲက CDM လုပ်ခြင်း မလုပ်ခြင်းနဲ့ပတ်သက်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် အသိပေးတာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်”
စစ်ကောင်စီတပ်တွင်း၀ါဒဖြန့်ဖို့ထုတ်တယ်ဆိုတဲ့ နိဂုံးမလှတဲ့ CDM တပ်ပြေးများရဲ့နောက်ဆုံးအခြေအနေဆိုတဲ့ စာနဲ့ပတ်သက်ပြီး မေးမြန်းတင်ပြခဲ့တာပါ။