NUG လက်အောက်မှာ တာဝန်ပြန်ထမ်းတဲ့ CDM တပ်သားနဲ့ ရဲ ငါးရာကျော်ရှိ

RFA Burmese
2025.01.23
NUG လက်အောက်မှာ တာဝန်ပြန်ထမ်းတဲ့ CDM တပ်သားနဲ့ ရဲ ငါးရာကျော်ရှိ CDM လှုပ်ရှားမှုတွင် ပါဝင်လာသော ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။
Photo: RFA

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်နီးပါးအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သား တစ်သောင်းခွဲနီးပါးရှိလာပြီး တချို့က တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

"စခန်းသိမ်းတိုက်ပွဲ လုပ်တဲ့အခါမှာ ထွက်ပြေးလာတာမျိုးတွေ များလာတယ်ပေါ့နော်"

NUG ရဲ့ စစ်ရုံးချုပ်၊ PDF နဲ့ ပကဖအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ (CDM) တပ်သားနဲ့ ရဲ အယောက် ငါးရာကျော်ရှိတယ်လို့ NUG ကာကွယ်ရေးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။

“ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ဝင်ရောက်လာတဲ့ တပ်၊ ရဲ CDM အရေအတွက်က ၂၀၂၄ ခုနှစ် နှစ်ကုန်အထိဆိုရင် ၁၄,၇၆၀ ဦးရှိပါတယ်။ အဲဒီလူတွေကို ပြည်သူ့ရင်ခွင်ရဲ့ စံနှုန်းတွေအတိုင်းပဲ ထောက်ပံ့မှုတွေ၊ စောင့်ရှောက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ကော်မတီက လုပ်ပေးနေပါတယ်။ အဲဒီအထဲကမှ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်၊ ပြီးတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေမှာ တော်လှန်ရေးတာဝန်ကို ပြန်လည်တာဝန်ထမ်းဆောင်နေတဲ့ ဦးရေက ငါးရာကျော်လောက်ရှိပါတယ်”

သူတို့ထဲက တချို့က ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တိုက်ခိုက်ရေးတပ်တွေမှာ တပ်ရင်းမှူးတွေအထိ တာဝန်ယူပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲ ငါးရာခန့် CDM မှာ ပါဝင်

ဇန်နဝါရီလအတွင်း CDM ဝင်လာသူ ၂၉ ဦးရှိကြောင်း NUG ထုတ်ပြန်

CDM တွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က အသက်မွေးဝမ်းကျောင်း သင်တန်းပေး


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တော်လှန်ရေးအဖွဲ့မှာ ဆက်သွယ်ရေးတာဝန် ခံယူထားတဲ့သူကလည်း CDM ဗိုလ်ကြီး နန်းဝင်းထွန်းပါ။ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့အတွက် တော်လှန်ရေးတာဝန် ထမ်းဆောင်နေတာလို့ ပြောပါတယ်။

“ဘာလို့တာဝန်ထမ်းဆောင်ရလဲဆိုရင် စစ်အာဏာရှင်စနစ်ကို ကျွန်တော်လည်း မကြိုက်ဘူး။ လူ့အခွင့်အရေး ကျွန်တော်လည်း ဒီအထဲမှာနေခဲ့တယ်။ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံးနေရာအဖြစ် ကျွန်တော်လည်း သတ်မှတ်ထားတယ်။ ကျွန်တော်လည်း ခံယူထားတယ်။ ဒီစနစ်ကြီး အမြန်ဆုံး ပျက်သုဉ်းဖို့၊ အမြန်ဆုံးပျက်စီးဖို့ ပြီးရင် ကျွန်တော်တို့ တော်လှန်ရေးဘက်တော်သားတွေ ပိုပြီးတော့ အုတ်တစ်ချပ်၊သဲတစ်ပွင့်အနေနဲ့ပေါ့လေ။ တစ်တပ်တအားအနေနဲ့ ဒါပါဝင်ကူညီချင်လို့ ဒီတော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ဒီမှာတာဝန်ထမ်းဆောင်နေတယ်ဗျ”

ဗိုလ်ကြီး နန်းဝင်းထွန်းဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ CDM လုပ်ခဲ့တာပါ။ အဲဒီအချိန်အထိ သူက စစ်ကောင်စီရဲ့ သံချပ်ကာလက်ရုံးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်ထဲမှာ စစ်ကောင်စီ တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၉ ဦး (CDM) လုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ပူးပေါင်းလာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ လက်နက်ချအလင်းဝင်တာတွေ ပိုများလာတယ်လို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခုနောက်ပိုင်းက ပိုများလာတယ်ဗျ။ ကျွန်တော်တို့ ဂန့်ဂေါခရိုင်မှာဆိုရင် ဒီဘက်က ထိစပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်တို့ ၊ မတူပီတို့၊ ပြီးတော့ ကန်ပက်လက်တို့ စခန်းစွန့်ခွာတာမျိုးတွေပေါ့နော်။ စခန်းသိမ်းတိုက်ပွဲ လုပ်တဲ့အခါမှာ ထွက်ပြေးလာတာမျိုးတွေ များလာတယ်ပေါ့နော်။ တချို့ကလည်း ရေရှည်မှာ စကစကလည်း သူတို့ ထောက်ပံ့မှုနည်းလာတဲ့အခါမှာ သူတို့ ငတ်တာပြတ်တာတွေ၊ ကျန်းမာရေးချို့တဲ့လို့ လက်နက်နဲ့ အလင်းဝင်တာတွေ အများကြီးရှိတယ်ပေါ့နော်”

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအဖွဲ့တွေဘက် ပူးပေါင်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ (Ministry of Defence - National Unity Government of Myanmar)
PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ (Ministry of Defence - National Unity Government of Myanmar)

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ CDM လုပ်ပြီး တခြားအဖွဲ့အစည်းကို ပူးပေါင်းတဲ့လူမျိုးတွေဟာ အန္တရာယ်ရှိတဲ့သူတွေလို့ ဝေဖန်ပါတယ်။

“ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် သာမန် ကိုယ့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်းနဲ့ အခြေအနေအရ ခုနကပြောတဲ့ လက်နက်စွန့်လွှတ်လိုက်ရတဲ့နည်းလမ်း၊ လက်နက်ချလိုက်ရတဲ့နည်းလမ်း၊ အညံ့ခံရတဲ့နည်းလမ်း ရွေးတဲ့သူတွေအတွက်ကတော့ အထွေအထူးပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ပင်မအဖွဲ့အစည်းပေါ်ကို သစ္စာဖောက်ပြီး တခြားအဖွဲ့အစည်းနဲ့ ပူးပေါင်းသွားတဲ့ လူမျိုးတွေကျရင်တော့ ဒါက သိပ်အန္တရာယ်ကြီးတဲ့ သူတွေပေါ့”

၂ဝ၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီး သူတို့ထဲမှာ ဒုဗိုလ်မှူးကြီး ငါးဦးနဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။