ချင်းပြည် ကောင်စီပေါ်ပေါက်ရေး သဘောထားကွဲလွဲမှုတွေ ရှိနေ

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ ဆိုတဲ့အချက်တွေ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် ရွာတစ်ရွာရှိ တက်တူးထိုးထားသော ချင်းတိုင်းရင်းသား အမျိုးသမီးများအား ၂၀၂၀ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ AFP

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ ဆိုတဲ့အချက်တွေ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference - WCCCC) က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်ကို လွှမ်းခြုံတဲ့ အစိုးရပေါ်ပေါက်ရေးအတွက် အခြေခံဥပဒေရေးဆွဲဖို့ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာငိုင်းတမ်မောင်း က ပြောပါတယ်။

"တော်လှန်ရေး အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့အတွက် ချင်းပြည်နယ်အားလုံးကို လွှမ်းခြုံတဲ့အစိုးရတစ်ရပ် ဥပဒေပြုရေးရော၊ တရားစီရင်ရောပေါ့လေ အဲဒါမှ NUG အတွက်လည်း အများကြီးအထောက်အပံ့ဖြစ်မယ်ဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့ အဲဒါကိုတော့ လုပ်ဖို့ ဖော်ဆောင်ဖို့ အခြေခံဥပဒေတစ်ရပ်ကို ဝိုင်းပြီးရေးဆွဲမယ်၊ အဲအခြေခံဥပဒေအပေါ် အခြေပြုပြီးတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နောက်ပြီး တရားစီရင်ရေး ကဏ္ဍတွေဖော်ဆောင်သွားဖို့ သဘောတူထားပါတယ်"

ချင်းပြည်ကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးကို စက်တင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ‌နယ်စပ်တစ်နေရာမှာ ကျင်းပခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်နဲ့ ဒေသအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ပြီး သဘောတူဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

ဒီအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဖွဲ့အစည်းတစ်ချို့ကတော့ တော်လှန်ရေးကာလအလွန်မှာ အခုလို ဖက်ဒရယ်ယူနစ်တစ်ခုဆီ ရှိသင့်ရှိထိုက်တာကြောင့် ကြိုဆိုထောက်ခံကြပါတယ်။

" ချင်း ဒေသက သူဟာသူ သီးသန့်ထူထောင်တဲ့ဟာ မဟုတ်ပါဘူး၊ ဒါက ဖက်ဒရယ်ဒီမိုကရေစီ Charter နဲ့လည်း ကိုက်ရှိတယ်၊ အားလုံးတည်ဆောက်ချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံသစ်ကြီးတည်ဆောက်တဲ့အခါမှာ ဒီဟာက အခြေခံတစ်ရပ်အနေနဲ့ ဖြစ်မှာပါ၊ NUG အစိုးရအနေနဲ့ ကြိုဆိုတယ် ဝမ်းသာတယ် အသိအမှတ်ပြုတယ်ဆိုတာ ပြောချင်ပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော ပြောသွားတာပါ။

ပြီးခဲ့တဲ့ မေလကုန်က စစ်ကိုင်းတိုင်းမှာ ဖက်ဒရယ်ယူနစ်တစ်ခုရဖို့အတွက် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ပြီး စစ်ကိုင်းဖိုရမ် ကျင်းပခဲ့ပါတယ်။

စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေကလည်း ချင်းပြည်ကောင်စီ ဖွဲ့စည်းဖို့ ကြိုးပမ်းတဲ့အပေါ် ကြိုဆိုပါတယ်။

" ချင်းအမျိုးသားတွေကိုယ်တိုင် စုစည်းပြီးတော့ ချင်းပြည်နယ်မှာ နိုင်ငံရေးပုံဖော်မှုတွေ၊ စစ်ရေးစုဖွဲ့မှုတွေ၊ ဒီထက်ပို လုပ်လာနိုင်တယ်ဆိုရင် ချင်းပြည်နယ်ဟာ သေချာပေါက် လွတ်မြောက်တဲ့နေရာတစ်ခု ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ချင်းအမျိုးသားတွေကိုယ်တိုင် စုစည်းပြီးတော့ ချင်းပြည်နယ် ဖွဲ့စည်းပုံ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီပေါ်ပေါက်ရေး၊ အဲကနေ ချင်းပြည်ကောင်စီ ညီလာခံတွေ ခေါ်မယ်ပေါ့ဗျ၊ နိုင်ငံရေးအရ အခြေခံကျတဲ့ ဖက်ဒရယ်ကို မျှော်ရည်ပြီး စုဖွဲ့မှုတွေ လုပ်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အလေးအနက် ထောက်ခံကြိုဆိုပါတယ်"

ချင်းပြည်ကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးကို ဖလမ်းမြို့နယ်ထဲက ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၊ တီးတိန်မြို့နယ်က ဇိုမီးဖယ်ဒရယ်ယူနီယံ (ZFU) က ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ကြဘူးလို့ ဒေသအခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ The Chin Journal မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo : The Chin Journal)

ချင်းပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေ လက်နက်ကိုင်တော်လှန်ခဲ့ကြပြီး စစ်ရေးကိစ္စတွေပူးပေါင်းဆောင်ရွက်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ချင်းအမျိုးသားတပ်ဦး နဲ့ ချင်းလူမျိုးတွေနေထိုင်ရာ မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး Chinland Joint Defense Committee (CJDC) ကိုဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရဆောင်ရွက်ဖို့အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ Interim Chin National Consultative Council - ICNCC )ကိုလည်း ၂၀၂၁ ဧပြီလ ၁၃ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ဒီလိုဖွဲ့စည်းပြီး အကြိမ်ကြိမ် အဖွဲ့အစည်းပေါင်းစုံဆွေးနွေးခဲ့ကြပေမဲ့ လက်တွေ့မှာ မပြေလည်ခဲ့ကြဘူးလို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) တာဝန်ရှိသူကပြောပါတယ်။

ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNF) စွဲကိုင်ထားတဲ့ မူဝါဒပြောင်းမှသာ ပူးပေါင်းပါဝင်နိုင်မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက ပြောပါတယ်။

" CNF ရဲ့သဘောထားက ကျွန်တော်တို့ကို ယုံကြည်မှုမတည်ဆောက်နိုင်မခြင်းကတော့ ပါလာဖို့က ခဲယဉ်းလိမ့်မယ်၊ လွယ်လွယ်နဲ့ နားလည်အောင်ပြောရရင် CNFက လက်ရှိမူအရ ချင်းပြည်နယ်တစ်ခုလုံးကို သူနဲ့သက်ဆိုင်ပါတယ်၊ သူရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ကိုင်ထားပါတယ်၊ အဲသလိုမျိုး သူရဲ့ခံယူချက်ကို လျော့ချမှ သူသည်လည်း ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်၊ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းတွေ အားလုံးကို စုကြရအောင်ပါဆိုမှ သူဘက်ကသဘောထား မလျော့မခြင်းကတော့ ကျွန်တော်တို့အနေနဲ့ သူပိုင်ပြီးသား၊ သူအုပ်စိုးပြီးသား၊ သူဗိုလ်ကျပြီးသားနေရာမှာ သူရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး လက်အောက်ခံမျိုးကတော့ ဘယ်တော့မှ ပေါင်းစည်းသွားဖို့ မရှိပါဘူး "

ချင်းပြည်နယ်၊ ဟားခါးမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ ( Photo : Citizen Journalist )

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီရဲ့ သဘောထားကို သိရဖို့ RFA က ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ညီလာခံကျင်းပရေးကော်မတီပြောခွင့်ရသူကတော့ ချင်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအစည်းတွေအားလုံးကို ဖိတ်ကြားခဲ့ပေမဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်သာ တက်ရောက်နိုင်ခဲ့တာကြောင့် အားလုံးပါဝင်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီက ဦးဆောင်ပြီး တော်လှန်ရေးကာလ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူးကြမ်းရေးဆွဲတာနဲ့ ချင်းပြည်ကောင်စီညီလာခံကို ၂၀၂၃ နှစ်မကုန်ခင်မှာ ကျင်းပမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံမှုအားကောင်းတဲ့ ကယားပြည်နယ်မှာလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို အဖွဲ့ဝင်ခြောက်ဦးနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ နေ့က ဖွဲ့စည်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org