ချင်းနဲ့ ကယားဒေသတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

RFA Burmese
2023.05.30
ချင်းနဲ့ ကယားဒေသတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဈာပန အခမ်းအနားအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Chin National Organization

ချင်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ တွေ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသနှစ်ခုမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ အရပ်သား ကလေးတစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မြို့အကြား သီမစ်ချောင်းအနီးမှာ မေလ ၂၈ ရက် နေ့က စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး  စစ်ကောင်စီတပ်က မေလ ၂၉ ရက်နေ့အထိ နှစ်ရက် ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF ဇိုဖေ က ပြောပါတယ်။

"လူထုတွေ ရှိတဲ့အရပ်တွေကို ပုံမှန် လက်နက်ကြီးတွေ ပစ်ခတ်တာပေါ့နော်။ ဒီဟာက စစ်ရာဇဝတ်မှုမြောက်တဲ့အပြင် လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်ပေါ့နော်”

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ် လေးစင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အင်အား နှစ်ရာကျော်နဲ့ ဟားခါးမြို့နယ် သီမစ်ချောင်းအနီးက ကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ CDF ဇိုဖေအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းဂျိမ်း က RFA ကို ပြောပါတယ်။

“၂၈ ရက်နေ့မှာ ဂျက်ဖိုက်တာ လေးစင်းနဲ့ ရဟတ်တစ်စင်းနဲ့ ရောတိုက်တယ်။ မနေ့က ၂၉ ရက်နေ့မှာ ထပ်ပြီးတော့ ဂျက်ဖိုက်တာနဲ့ စစ်ကူလာတယ်။ နောက်ပြီးတော့ ဟားခါးဘက်က နေလည်း လက်နက်ကြီး တွေနဲ့ ဟားခါးနဲ့ နီးတဲ့ နေရာဆိုတော့ လက်နက်ကြီးတွေလည်း ကျတယ်။ အခုချိန်ထိကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲမှာ ကျဆုံးတာ ရဲဘော် ၁၁ ယောက်ရှိတယ်။ အလောင်းတွေလည်း အားလုံးတော့ ပြန်မရသေးဘူးပေါ့။ စစ်မြေပြင်မှာပဲ ရှိနေသေးတယ်။ ခုနစ်ယောက်လောက်ပဲ အလောင်းရသေးတယ်”

ချင်းဒေသကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဟားခါးနဲ့ ထန်တလန် ကြားက နယ်မြေတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ရယူနိုင်ဖို့အတွက် မြေပြင်ကနေ လက်နက်ကြီးနဲ့ရော လေကြောင်း နဲ့ပါ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ အမည်မဖော်လိုတဲ့ ဟားခါး CDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်း ခဏခဏ ထိုးတယ်။ ထန်တလန်နဲ့ အနီးအနားတွေမှာ သူတို့ စစ်ကောင်စီ တွေက တပ်ချိန်းတာတို့ ဘာတို့ လုပ်တဲ့နေရာမှာ လွယ်လွယ်လုပ်လို့မရဘူး။ အချိန်ထိ ဟားခါးနဲ့ ထန်တလန်ကို လွတ်လွတ်လပ်လပ် သွားလို့ မရဘူး။ အဲ့နေရာတွေကို ခဏခဏ စစ်ကြောင်းထိုးတယ်။ အဓိက ထန်တလန်ကို အင်အားဖြည့်ချင်တာလို့ ကျွန်တော်တို့ ထင်တယ်။ သူတို့ စစ်ကြောင်းထိုးတာ မနိုင်တော့တဲ့အခါ လေကြောင်းနဲ့ တိုက်ခိုက်လာတာ လို့ ထင်ပါတယ်”

မေလ ၃၀ ရက် ဒီနေ့မှာလည်း ဟားခါးနဲ့ ထန်တလန်မြို့အကြားမှာ စစ်ကောင်စီနဲ့ ဒေသ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်  စစ်ကောင်စီက ချင်းပြည်နယ်ကို လေကြောင်းနဲ့ အကြိမ် ၈၀ နီးပါး တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံ ၆၄ ဦးသေဆုံးခဲ့ပြီ ဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ ချုပ် က မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်အတွင်း မှာလည်း   မေလ ၂၇ နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန် ခဲ့ပြီး ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆေးတပ်သားတွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက် ကျဆုံးမှုရှိခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့ တိုက်ပွဲတွေအတွင်း Medic Unit-Demoso ဆေးတပ်ဖွဲ့ က ရဲမေ လေးဦးဟာ တိုက်ပွဲအတွင်း ဒဏ်ရာရသူတွေကို ဆေးကုသပေးနေရင်း သေဆုံးသွားခဲ့ တယ်လို့  ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU ရဲ့ မေလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သူတွေဟာ အသက် ၁၇ နှစ်ကနေ ၂၃ နှစ်ကြားအရွယ်တွေ ဖြစ်တဲ့ မကယ်ရိုလိုင် ခိုင်လင်း၊ မအိန်ဂျယ်လာ၊ ကိုမြထွေး နဲ့ ဂျွန်ဘော့စကို တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မအိန်ဂျယ်လာ၊ ကိုဘော့စကို၊ မကယ်ရိုလိုင်းခိုင်လင်း၊ ကိုမြထွေး (ဝဲ မှ ယာ)။ (ဓာတ်ပုံ - ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU))
မအိန်ဂျယ်လာ၊ ကိုဘော့စကို၊ မကယ်ရိုလိုင်းခိုင်လင်း၊ ကိုမြထွေး (ဝဲ မှ ယာ)။ (ဓာတ်ပုံ - ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU))

သေဆုံးသွားသူတွေထဲက ဂျွန်ဘော့စကိုဟာ ကယားပြည်နယ် မယ်စဲ့မြို့နယ် အ-မ-က တောင်လှ စာသင် ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းချိန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်ကလည်း မိုးဗြဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက် ကြီးကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့ အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“မနေ့က ညကလည်း မိုးဗြဲဘက်ကို လက်နက်ကြီးတွေ ရမ်းသန်းပြီးမှာ ထပ်ထုတော့ လူလေးယောက် ဒဏ်ရာ ရပြီးတော့ ၁၁နှစ်အရွယ် ကလေးမတစ်ယောက် သေဆုံးသွား တယ်ပေါ့နော်။ တစ်နေရာတဘ်းမှာ မဟုတ်ဘူး။ နေရာဒေသ တော်တော်များများမှာ အစီစဉ်စနစ်တကျချပြီး ပစ်ခတ်တဲ့ဟာမျိုးပေါ့နော် လူထုတွေရှိမှန်းလည်း သိတယ်။ နောက်ပြီး အစီအစဉ်ချပြီး လူထုတွေ ရှိတဲ့အရပ်တွေကို ပုံမှန် လက်နက်ကြီးတွေ ပစ်ခတ်တာပေါ့နော်။ ဒီဟာက စစ်ရာဇဝတ်မှု မြောက်တဲ့အပြင် လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်ပေါ့ နော်”

ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကလည်း  မိုးဗြဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှု ကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးဘက်က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မေလ ၂၈ ရက်နေ့ မနက်ပိုင်း ၄ နာရီအချိန်မှာလည်း စစ်ဘေးဒုက္ခသည်တွေနေတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ပြည်သူလေးဦး ထိခိုက်ဒဏ် ရာရခဲ့ပြီး နေအိမ် သုံးလုံးပျက်စီးခဲ့တယ်လို့လည်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ် ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NUG၊ PDF နဲ့ သူတို့ကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို အပြတ်ချေမှုန်းမယ်လို့ အခုနှစ် မတ်လက နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကယား ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသတွေမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ ၂၀၂၃ ဧပြီလ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၆၆၃ ကြိမ် အထိဖြစ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ မေလ ၁ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။