မန္တလေးမြို့မှာ တစ်ပတ်အတွင်း လူရှစ်ဦး အသတ်ခံရ

မန္တလေးမြို့မှာ သွေးသောက်ဆိုတဲ့အဖွဲ့တစ်ခု ဧပြီလ ၂၁ ရက်နေ့ကစလို့ လူသိရှင်ကြား ပေါ်ပေါက်လာပြီးနောက် ဒီနေ့အထိ အချိန် ခုနစ်ရက်အတွင်း လူရှစ်ဦးလောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ သတ်ဖြတ်ခံရသူတစ်ဦးမှာ ချိတ်ဆွဲခဲ့သည့် သွေးသောက်အဖွဲ့ရဲ့ လည်ဆွဲကတ်ပြားကို တွေ့ရစဉ် Photo: S

မန္တလေးမြို့မှာ သွေးသောက်ဆိုတဲ့အဖွဲ့တစ်ခု ဧပြီလ ၂၁ ရက်နေ့ကစလို့ လူသိရှင်ကြား ပေါ်ပေါက်လာပြီးနောက် ဒီနေ့အထိ အချိန် ခုနစ်ရက်အတွင်း လူရှစ်ဦးလောက် သတ်ဖြတ် ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီလောက်က မန္တလေး မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးရဲ့ ရုပ်အလောင်းကို အောင်မြေသာစံမြို့နယ်ထဲက မြို့ရှောင်လမ်းမပေါ်မှာ သွေးသောက်အဖွဲ့ရဲ့ လည်ဆွဲကတ်ပြားနဲ့အတူ ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ မန္တလေး ချမ်းအေးသာစံမြို့နယ်က စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနဲ့ ဇနီး၊ ညီဖြစ်သူ ဦးတင်တို့ အမည်မသိ လူတစ်စုရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ဧပြီလ ၂၅ ရက် မနက်မှာတော့ သွေးသောက်အဖွဲ့ရဲ့ လည်ဆွဲကတ်ပြားနဲ့အတူ သေနတ် ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးခင်မောင်သိန်းရဲ့ ရုပ်အလောင်းနဲ့ အပြင်းအထန် ဒဏ်ရာရထားတဲ့ ဇနီးဖြစ်သူ ဒေါ်ခခကို မန္တလေး NLD ခရိုင်ရုံးရှေ့မှာ ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ ညီဖြစ်သူ ဦးတင်ရဲ့ ရုပ်အလောင်းကိုလည်း အဲဒီနေ့ ညနေပိုင်းမှာပဲ သွေးသောက်အဖွဲ့ရဲ့ လည်ဆွဲကတ်ပြားနဲ့အတူ ကမ်းနားလမ်း၊ စံပယ်တန်ဖိုးနည်းအိမ်ရာ အနီးမှာ တွေ့ခဲ့ရပါတယ်။

အပြင်းအထန်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေါ်ခခကတော့ အခုအချိန်မှာ ဆေးရုံမှာ တက်ရောက် ကုသနေရတယ်လို့ မန္တလေး NLD အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"ကိုယ့်အိမ်ထဲကို နေနေတာတောင် သေနတ်တွေနဲ့ဝင်လာပြီးတော့ ခေါ်သွားတယ်။ မနက်ရောက်ရင် အလောင်းကို ပစ်ထားခဲ့တယ်"

ဒီဖြစ်ရပ်တွေကြောင့် NLD ပါတီဝင်တွေနဲ့ ပါတီနဲ့ ဆက်စပ်သူတွေအကြား ကြောက်လန့် တုန်လှုပ်နေရတယ်လို့ NLD ပါတီနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခုရက်ပိုင်းက ပိုဆိုးတယ်။ အကြောက်တရားတွေ ပိုများလာတယ်။ တချို့ဆိုရင်လည်း အိမ်တွေမှာ မနေရဲကြတော့ဘူး။ ကိုယ့်အိမ်ထဲကို နေနေတာတောင် သေနတ်တွေနဲ့ ဝင်လာပြီးတော့ ခေါ်သွားတယ်။ မနက်ရောက်ရင် အလောင်းကို ပစ်ထားခဲ့တယ်။ တချို့လည်း ပါတီဝင်တွေ၊ တချို့လည်း ပါတီဝင်မဟုတ်ဘူး၊ ပါတီထောက်ခံသူတွေ။ အကုန်လုံး ကြောက်လန့်နေကြတာ"

NLD ပါတီဝင်နဲ့ ပါတီကို ထောက်ခံသူအချို့ရဲ့ နေအိမ်တွေမှာလည်း သွေးသောက်အဖွဲ့က သတ်ဖြတ်မယ်ဆိုတဲ့အကြောင်း သတိပေးတဲ့အနေနဲ့ စတစ်ကာနဲ့ လည်ဆွဲ လာချိတ်တာ တွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းမှာလည်း ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသားအလောင်း နှစ်လောင်းကို သေနတ်ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပါတယ်။ အလားတူ ဧပြီလ ၂၆ ရက်နေ့ မှာလည်း မန္တလေး မဟာအောင်မြေမြို့နယ်မှာ လည်ပင်းထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းနဲ့ ကျုံးအနောက်ဘက်ရေပြင်မှာ အမျိုးသားတစ်လောင်းကို ထပ်တွေ့ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်ရဲ့အစ်ကို ကိုမိုးကိုလည်း ဧပြီလ ၂၅ ရက်နေ့ညနေပိုင်းက အမည်မသိလူတစ်စုက လာဖမ်းသွားပြီး သူ့ရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၇ ရက် ဒီနေ့မနက်က ၂၆ လမ်း သင်္ဂဇာချောင်းအနီးမှာ တွေ့ရှိခဲ့ကြပါတယ်။ ဒီနေ့ညနေမှာတော့ သူ့ရဲ့ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမြို့ခံတွေရဲ့ ပြောဆိုချက်အရ ရုပ်အလောင်းတွေမှာ လည်ပင်းကို သေနတ်နဲ့တေ့ပြီး ပစ်သတ်ခံထားရတာအပြင် ထိုးသွင်းဒဏ်ရာတွေပါ တွေ့ရသလို သေဆုံးသူအချို့ရဲ့ ကိုယ်ပေါ်မှာ “သွေးသောက်အဖွဲ့၊ အနီရောင် စစ်ဆင်ရေး MDY” စာသားပါ လည်ဆွဲ ကတ်ပြားကိုပါ ချိတ်ဆွဲထားတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကိုဦးတည်ပြီး တန်ပြန်တိုက်ခိုက်နေတာလို့ ယူဆကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"ဒါကတော့ တန်ပြန်လုပ်တာပေါ့။ စစ်တပ်တို့၊ ရဲတို့၊ သူတို့မိသားစုဝင်တွေကိုလုပ်တော့ တစ်ဖက်ကလည်း တန်ပြန်လုပ်တာပေါ့။ ဒါကတော့ မြို့ပေါ်တွေမှာ သူတို့လက်ရှိ စိုးမိုး နိုင်တဲ့နေရာတွေမှာ လုပ်လို့ရပေမယ့် ရွာတွေဘက်တော့ ဒါမျိုးလုပ်လို့မရဘူး။ လုပ်ရင် သေသွားမှာပေါ့။ အရပ်ဝတ်ပဲ သွေးသောက်ဆိုပြီးဖွဲ့ထားတာ။ ဒါက စစ်တပ်ပဲ။ အရင်က တော့ သူတို့ဥပဒေဘောင်ထဲကနေ လူကိုဖမ်းပြီး သတ်တယ်ပေါ့။ အခုက မဟုတ်တော့ ဘူး ဗြောင်ကိုဖမ်းပြီး လူသတ်နေတာ။ ဦးသူသတ်ကြေးဆို လူသတ်ပွဲက ဒီထက် ပိုဆိုးသွားမှာ"

ဧပြီလ ၂၁ ရက်နေ့က မန္တလေး သွေးသောက်အဖွဲ့ရဲ့ တယ်လီဂရမ်လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ NLD ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံသူတွေ၊ PDF အဖွဲ့ နဲ့ သူတိုနဲ့ ဆက်နွှယ်နေသူတွေကို ချေမှုန်းဖို့ အနီရောင်စစ်ဆင်ရေး လုပ်ဆောင်တာလို့ ပါရှိပါတယ်။

သူတို့ဟာ ရဲနဲ့ ပျူစောထီးအဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့လည်း ဧပြီလ ၂၅ ရက်နေ့က သွေးသောက်အဖွဲ့က ကြေညာပါတယ်။ သွေးသောက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် တိမ်းရှောင်နေရသူတွေလည်း ရှိလာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေး NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

"ပါတီအားပေးသူတွေအနေနဲ့လည်း ဖမ်းခံရတာတွေရှိတယ်။ NLD ပါတီထောက်ခံတဲ့ သူတွေ၊ ဝန်းရံတဲ့သူတွေကို သူတို့ဘက်က အရေးယူသွားမယ်၊ ချေမှုန်းသွားမယ် ဆိုပြီးတော့ သွေးသောက်အဖွဲ့က တင်ထားတာ ရှိတယ်။ ခြိမ်းခြောက်ခံရတဲ့ ပါတီဝင်တိုင်း တိမ်းရှောင်နေကြတယ်။ ပါတီဝင်တိုင်း ခြိမ်းခြောက်ခံရတာတော့ မဟုတ်ဘူး"

သွေးသောက်အဖွဲ့ရဲ့ တယ်လီဂရမ် ဂရုမှာ ရေးသားထားတာတွေကို တွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ သွေးသောက်ဆိုတဲ့အဖွဲ့ကို စစ်ကောင်စီ က ဖွဲ့ပေးထားတဲ့ ပျူစောထီးလိုအဖွဲ့တွေက ဖွဲ့စည်းတာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

"စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရတာ ရာနဲ့ချီရှိနေပြီ၊ ဒါကြောင့် ပြန်ပြီးတုံ့ပြန်ဖို့အတွက် အင်အားစုစည်းရာကနေ ဒီလို သွေးသောက်အဖွဲ့တွေ ပေါ်လာတယ်လို့ ကျနော်က ယူဆပါတယ်။ စစ်ကောင်စီက တိုက်ရိုက်ဖွဲ့စည်းတာတော့ ဖြစ်မယ်မထင်ဘူး။ အထူးသဖြင့် စစ်ကောင်စီကို ထောက်ခံ နေတဲ့ အင်အားစုတွေပေါ့။ စစ်ကောင်စီဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့တွေက နေပြီးတော့ ဖွဲ့စည်းတာ ဖြစ်ချင်ဖြစ်မယ်။ ဒီလိုအဖွဲ့တွေကို စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေ ကလည်း အားပေးအားမြှောက်ပြုမှာ သေချာပါတယ်"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်အဖွဲ့တစ်ခုကိုပဲ ဖွဲ့စည်းတာရှိပြီး အခြားဘယ်အဖွဲ့အစည်းမှ ဖွဲ့စည်းလုပ်ဆောင်နေတာမရှိဘူးလို့ ဧပြီလ ၂၇ ရက် ဒီနေ့ပြုလုပ်တဲ့ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သွေးသောက်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဒလန်လို့ ခေါင်းစဉ်တပ် သတ်ဖြတ်ပြီး ထွက်ပြေးနေသူတွေ၊ PDF ကို ထောက်ပံ့နေသူတွေ၊ သတင်း အတု ဖန်တီးနေတဲ့ မီဒီယာတွေ၊ နိုင်ငံခြားမှာ နေထိုင်ပြီး လူသတ်ဖို့ လှုံ့ဆော်နေသူတွေ၊ လူမှုကွန်ရက်ကနေ တော်လှန်ရေးမှာ မပါဝင်သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်ဖို့ လှုံ့ဆော် နေသူတွေ၊ Social Punishment လုပ်ဖို့ လှုံ့ဆော်နေသူတွေနဲ့ သူတို့ရဲ့ မိသားစု ဝင်တွေ အားလုံးကိုပါ တိုက်ခိုက်သွားမယ်လို့ ရေးထားပါတယ်။

သွေးသောက်အဖွဲ့အပါအဝင် စစ်ကောင်စီကို ထောက်ခံနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ မှာလည်း သွေးသောက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေး ရေးသားနေကြသလို တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ တော်လှန်ရေးကို ထောက်ခံသူတွေရဲ့ ဓာတ်ပုံ၊ နာမည်နဲ့ လိပ်စာတွေကိုပါ ရေးသားနေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူတွေကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ စစ်ကောင်စီဘက်က ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် ပျူစောထီးတွေအပါအဝင် စစ်အုပ်စုနဲ့ပေါင်းပြီး အကြမ်းဖက်မှု ကျူးလွန်နေသူတွေကို စစ်ရေး၊ ဥပဒေရေးအရ အရေးယူမယ်လို့ ဧပြီလ ၂၇ ရက် ဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org