လီဆူ ပြည်သူ့စစ်အဖွဲ့က အဓမ္မ စစ်သား စုဆောင်းနေကြောင်း ဒေသခံတွေပြော
ဦးရွှေမင်း ခေါင်းဆောင်တဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့က တပ်သားသစ်ရဖို့ အဓမ္မ စုနေတာကြောင့် လူငယ်တွေ လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လီဆူတိုင်းရင်းသားတွေက ပြောပါတယ်။
-
RFA Burmese
2024-01-15 -
-
-
ကချင်ပြည်နယ်မှာ ဦးရွှေမင်း ခေါင်းဆောင်တဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့က တပ်သားသစ်ရဖို့ အဓမ္မ စုနေတာကြောင့် လူငယ်တွေ လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လီဆူတိုင်းရင်းသားတွေက RFA ကို ပြောပါတယ်။
ဒူးလေးပါတီလို့ လူသိများတဲ့ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ - LNDP ရဲ့ ဥက္ကဋ္ဌဟောင်း ဦးရွှေမင်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ၂၀၂၃ အောက်တိုဘာ ၃၀ ရက်နေ့မှာ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယာက် စစ်မှု မထမ်းမနေရဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
“အတင်းအကျပ်လိုက်ဖမ်းပြီး စုနေတဲ့အတွက် ဆယ်ကျော်သက်ကလေးတွေ ကျောင်းမတက်ရဲဘဲ တွက်ပြေးနေရတယ်”
အဲဒီလို ထုတ်ပြန်ပြီး နိုဝင်ဘာ လကုန်ပိုင်းမှာတော့ ဝိုင်းမော်မြို့က လူငယ်တွေကို အဓိကထားပြီး စုဆောင်းနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
“သူတို့ အဓိက လုပ်နေတဲ့ဟာ အကောင်အထည် ဖော်နေတဲ့ဟာက ဝိုင်းမော်တစ်ကြောပေါ့။ ဝိုင်းမော် အောင်မြေ (၁) ကျေးရွာဘက်တို့ပေါ့နော်။ အဲဒီဘက်မှာ စပြီးမှ လုပ်တယ်ပေါ့နော်၊ စာထဲမှာ ပါထားတဲ့အတိုင်းပဲ အဲဒီဘက်မှာ စလုပ်တယ်။ အဲဒီဘက်မှာကျတော့ လူငယ်တွေ တော်တော်များများ မြို့ထဲမှာ ရှောင်ကြတယ်။ မြစ်ကြီးနားဘက်မှာ ရှောင်ကြတယ်။ တခြားဘက်မှာ လွတ်အောင် ရှောင်ကြတယ်။ မရှောင်နိုင်တဲ့သူတွေက အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်”
အသက် ၁၄ နှစ်ကနေ ၄၀ ကြား အမျိုးသားတွေကို အတင်းအကျပ် လိုက်ဖမ်းပြီး စုနေတဲ့အတွက် ဆယ်ကျော်သက် ကလေးတွေ ကျောင်းမတက်ရဲဘဲ တွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။
ဦးရွှေမင်းဟာ စစ်ကောင်စီ ချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ကို ရထားသလို၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရထားတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ အရင်ကတည်းက ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သလို လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာလည်း KIO ဆန်ကျင်ရေးတွေ တင်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့တွေ လီဆူ ပြည်သူ့စစ်စခန်းကို ဝင်တိုက်တဲ့အချိန်က ပြန်လွတ်လာတဲ့သူရဲ့ ပြောပြချက်အရ၊ အဖမ်း ခံထားရတဲ့သူတွေထဲမှာ အသက် ၁၄ နှစ် ၁၅ နှစ် ကလေးနှစ်ယောက် ပါသလို အိမ်ထောင်သည်တွေလည်း ပါတယ်လို့ သိရပါတယ်။
ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က လူသစ် စုဆောင်းတာတွေကြောင့် တော်တော်များများ ဒုက္ခရောက်ကြတယ်လို့ ဝိုင်းမော်မြို့သား ကိုအဒီးက ပြောပါတယ်။
“အချင်းချင်းတော့ နှိပ်စက်တာတော့ အရမ်း လွန်လွန်းလှပြီ။ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းလည်း မရှိဘူး။ တချို့ လူငယ်တွေကျတော့ မြို့ထဲမှာပဲဖြစ်သလို လုပ်စားနေကြတဲ့သူတွေ ရှိတယ်။ တစ်ပိုင်တစ်နိုင် နေ့စားတွေ ဘာတွေ လုပ်စားပြီး နေကြတာ။ ကျွန်တော့် သူငယ်ချင်းတွေမှာလည်း ရှိတယ်။ အခု သူက အဲဒီလို လုပ်တော့မယ်ဆိုတော့ အကုန်လုံး ထွက်ပြေးသွားကြတယ်။ တောတောင်မှာ ထွက်ပြေးပြီးမှ ဒုက္ခရောက်ကြတယ်”
ဦးရွှေမင်း ပြည်သူ့စစ် အဖွဲ့အပေါ် KIO ရဲ့အမြင်ကို မေးကြည့်တဲ့အခါ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ကျွန်တော်တို့ KIO အနေနဲ့တော့ ဒီရွှေမင်း ပြည်သူ့စစ်ကိုလည်း ကျွန်တော်တို့ ခဏခဏ ပြောတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေပါ။ ရန်သူရဲ့ လက်နက်ကိုင်အဖွဲ့ မဖြစ်ဖို့ကတော့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ပစ်ခတ်တာတွေက ရန်ဖြစ်တာတွေကတော့ ကောင်းတဲ့လုပ်ရပ်တွေ မဟုတ်ပါဘူး”
ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နဲ့ ရွှေညောင်ပင်ကျေးရွာတွေမှာ စစ်ကောင်စီ တပ်နဲ့ ပူးပေါင်းပြီး စခန်းချနေထိုင်ကြပါတယ်။ ဘော်ဆာဒီးရွာကစခန်းကိုတော့ KIA က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ဦးရွှေမင်း ပြည်သူ့စစ်ဟာ စစ်သားသစ် စုဆောင်းတာတင်မကပဲ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွက် မဲဆွယ် စည်းရုံးခဲ့တဲ့သူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါတဲ့သူတွေကိုပါ ဖမ်းနေတဲ့အတွက် အမျိုးသားရေးကို ခုတုံးလုပ်ပြီး သူ့အာဏာ တည်ဆောက်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ လီဆူနိုင်ငံရေး လေ့လာသူ တစ်ယောက်က အခုလို ထောက်ပြပါတယ်။
“တစ်အိမ်တစ်ယောက် မလုပ်မနေရဆိုတဲ့ ဖိအားပေးမှု အတိုင်းအတာ တစ်ခုထက်ပိုတယ်။ အိမ်မှာ အတင်းအဓမ္မ လာဖမ်းတဲ့ဟာတွေ ရှိတယ်။ အရင်က CDM လုပ်တဲ့သူတွေ ဆန္ဒပြတဲ့အထဲမှာ ခေါင်းဆောင်လိုလို အဲဒီလိုမျိုး နာမည်ဖော်တဲ့လူတွေရဲ့ မိသားစုတွေကို အတင်း ဖမ်းတာရှိတယ်။ နောက်တစ်ခုက သူတို့ကို စစ်သား စုဆောင်းတာတွေ မလုပ်နဲ့ဆိုပြီး လိုင်းပေါ်က ပြောတဲ့သူတွေရှိရင် နိုင်ငံခြားကပြောပြော ဘယ်ကပြောပြော သူတို့ (ပြောတဲ့သူတွေ) နဲ့ သက်ဆိုင်တဲ့သူ ရွာမှာနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်ဖမ်းတဲ့ဟာ ရှိတယ်၊ ဒီဘာသာရေး ဆရာတွေကို ဖမ်းတဲ့ဟာတွေပေါ့နော်။ အဲဒါလည်းရှိတယ်။ ဒီဟာကျတော့ မလုပ်သင့်ဘူး၊ ဒီခေတ်ဒီခါမှာ ကလဲ့စားချေမယ် ဆိုတဲ့စိတ်တစ်ခုနဲ့ အဲဒီလိုမျိုး မလုပ်သင့်ဘူး”
ဦးရွှေမင်းကို အခုကိစ္စတွေ မေးမြန်းနိုင်ဖို့ RFA က တယ်လီဖုန်း အကြိမ်ကြိမ် ခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
သူတို့ ထုတ်ပြန်စာမှာ ဆက်သွယ်ဖို့ ပေးထားတဲ့ ဗိုလ်ကြီး ယောရှုကို ဆက်သွယ်တဲ့အခါမှာလည်း ဦးရွှေမင်းကိုပဲ မေးဖို့ သူက ပြောပါတယ်။
စုဆောင်းထားတဲ့ သူတွေကို မြစ်ကြီးနားမြို့နယ် ပြည်ထောင်ကျေးရွာက စစ်ကောင်စီရဲ့ကျောင်းမှာ စစ်သင်တန်း ပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ကို စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ၂၀၂၁ နိုဝင်ဘာ ၁ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဖွဲ့စည်းခဲ့သလို၊ စစ်ကောင်စီ တပ်တွေနဲ့အတူ KIA ကိုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ဦးရွှေမင်း ပြည်သူ့စစ်ရဲ့ လုပ်ရပ်ကြောင့် လီဆူလူမျိုးတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူတွေလို့ အထင်ခံရတဲ့အတွက် ဦးရွှေမင်းက လီဆူ တစ်မျိုးသားလုံးကို ကိုယ်စားမပြုဘူး ဆိုတာကိုလည်း မကြာမကြာ ပြောဆို ဖြေရှင်းနေရတယ်လို့လည်း ဝိုင်းမော် ဒေသခံတွေက ပြောပါတယ်။
ဩစတြေလျ လီဆူ အဖွဲ့အစည်း (Lisu Association Australia) နဲ့ အမေရိကန် လီဆူ အဖွဲ့ အစည်း (Lisu Association American) ကလည်း ဦးရွှေမင်းတို့ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။