ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်နေ

ကျော်လွင်ဦး
2020.06.03

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ကို  မကြေညာသေးပေမယ့် အာဏာရပါတီနဲ့ နိုင်ငံရေးပါတီတချို့ကတော့ ပြင်ဆင်ရွေးချယ်တာတွေ  စတင်ပြုလုပ်နေကြပါပြီ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ခါတိုင်းလိုပဲ နိုဝင်ဘာလမှာကျင်းပမယ်လို့  ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က အရိပ်အမြွက် ပြောဆိုခဲ့ပြီးနောက်မှာတော့ ပါတီကြီးတွေကတော့ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တာတွေ၊ ကိုယ်စားလှယ်လောင်းရွေးချယ်တာတွေ ပြုလုပ်နေပါပြီ။

အင်အားကြီး အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလည်း ကိုယ်စားလှယ် ရွေးချယ်တာတွေကို အောက်ခြေမှာ စတင်နေပြီလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

"အောက်ခြေကတော့ လုပ်နေတယ်၊ ခုထိ စိစစ်နေတာ မပျက်သေးဘူး၊ ကျနော်တို့ကတော့ ပြည်သူလက်ခံ သော၊ အောက်ခြေပါတီဝင်တွေ လက်ခံသော ပုဂ္ဂိုလ်များကို စီစစ်လက်ခံနေတဲ့ကာလဖြစ်ပါတယ်၊ ပြည်သူ လူထုအပေါ်မှာ သိတတ်သော၊ အခုတမျိုးတော်ကြာတမျိုး မပြောတတ်သောသူများဖြစ်အောင် နိုင်ငံနဲ့ လူမျိုးကို အမှန်တကယ် အလုပ်အကြွေးပြုတဲ့သူ ဒီပေတံနဲ့ အဓိက တိုင်းပါတယ်"

အာဏာရပါတီ အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ် NLD ကတော့  ဒီလထဲမှာ ကိုယ်စားလှယ်လောင်းစာရင်း ပေးပို့ကြဖို့ မြို့နယ်ရုံးခွဲတွေကို ညွှန်ကြားလိုက်ပါပြီ။

ကိုယ်စားလှယ်တွေကို အချက် နှစ်ချက်နဲ့ ရွေးချယ်မယ်လို့ NLD ပါတီပြန်ကြားရေးအဖွဲ့က မုံရွာ အောင်ရှင်က ပြောပါတယ်။

"အဓိကတော့ နှစ်ချက်ပါပဲ သက်ဆိုင်ရာမြို့နယ်စည်းရုံးရေးကော်မတီရယ်၊ NLD ပါတီဝင်ဖြစ်သော မြို့မိမြို့ဖ ငါးဦးပေါ့နော် အဲဒါတွေ ပူးပေါင်းပြီးရွေးရမယ်၊ ရွေးပြီးတော့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ရုံးတွေတင်ရမယ်၊ ပြီးတော့မှ ဗဟိုကိုတင်ရမယ်၊ သို့သော်လည်း အဓိကဆုံးဖြတ်မှာက ဗဟို CEC က ဆုံးဖြတ်မှာပါ၊ အဲတာမူပါပဲ"

၂၀၁၅ မှာ NLD ပါတီဟာ မဲဆန္ဒနယ်မြေအများစုမှာ အနိုင်ရတဲ့အတွက်  အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် နဲ့  ဝန်ကြီးတချို့ တာဝန်မကျေပွန်လို့ အရေးယူခံရတာ၊ လွှတ်တော်ကိုယ်စားလှယ်တချို့ သက်ဆိုင်ရာ မဲဆန္ဒနယ် အတွက် အလုပ်မလုပ်ကြလို့ ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၀ မှာ ပြည်သူတွေအနေနဲ့ လူကိုမကြည့်ဘဲ ပါတီကိုပဲကြည့်ပြီး မဲပေးမလား၊ ကိုယ်စားလှယ်ကိုပဲ ကြည့်ပြီး မဲပေးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ လူထုထောက်ခံမှုများတဲ့ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။

"အဲဒီလို ရပ်မိရပ်ဖတွေပါပါပြီးတော့ ကော်မတီနဲ့ရွေးချယ်တာဟာ ပိုပြီးတော့ ပိုပြီးလျော်ကန်တယ်၊ ပိုပြီးသင့်မြတ်တယ်ဆိုနိုင်ပေမယ့် တဘက်မှာလည်း ဒီလို့ရပ်မိရပ်ဖတွေရွေးချယ်ပြီး ကော်မတီကနေတဆင့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာ မလိုလားအပ်တဲ့ဘက်လိုက်မှုတွေ၊ မလိုလားအပ်တဲ့ အဂတိ ပြဿနာတွေ၊ ဒါမျိုးတွေဖြစ်လာနိုင်တဲ့အနေအထားကိုလည်းပဲ ကြိုတင်တွက်ဆပြီးတော့ ပါတီအနေနဲ့ ပြင်ဆင်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်"

NLD ကနေ မကြာသေးမီကမှ ထွက်ခွာခဲ့သူတချို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီမှာလည်း ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေရှိနေပါပြီ။

ရွေးကောက်ပွဲပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည့်သူ့ရှေ့ဆောင်ပါတီက  အမတ်လောင်းရွေးချယ်မှုကို ဂရုတစိုက်လုပ်ကိုင်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ကပြောပါတယ်။

"ရွေးနေပြီရှင်။ စံတွေကတော့  နံပါတ်တစ် ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ ကိုယ်စားလှယ်လောင်း အရည် အချင်းနဲ့လည်း ပြည်စုံရမယ်ပေါနော်၊ နောက်တခုက ကျမတို့ပါတီက ချမှတ်ထားတာက ငါးချက်ပါရှင်၊ ကျမတို့ပါတီက ချမှတ်ထားတဲ့ စံတန်ဖိုးတွေ၊ အခြေခံမူတွေ၊ ကျင့်ဝတ်တွေကို လိုက်နာနိုင်တဲ့ပါတီဝင် ဖြစ်ရမယ့်ပေါ့နော်၊ အဲတာတော့ နံပါတ်တစ်ပါရှင့်၊ သက်ဆိုင်ရာမြို့နယ်ရဲ့  ပြည်သူလူထုရဲ့ လေးစား ယုံကြည်မှု ရှိပြီးတော့မှ အတတ်ပညာအသိပညာရှိရမယ့်ပေါနော်"

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ခဲ့သူတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီတာဝန်ရှိသူတွေကို ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့ အခြေအနေမေးမြန်းရာမှာတော့ လတ်တလော မပြောလိုသေးဘူးလို့ အကြောင်းပြန်ပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကတော့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီးနဲ့လူငယ်တွေကို ဦးစားပေးမယ်လို့ SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"အဓိကတော့ အမျိုးသမီး၊ လူငယ်၊ ဒေသခံပေါနော်၊ အမျိုးသမီးဦးစားပေးဖြစ်ရမယ်၊ လူငယ်ဦးစားပေး ဖြစ်ရမယ်၊ နောက်ဒေသခံဦးစားပေးဖြစ်ရမယ်၊ အဲဒီအချက် သုံးချက်အပြင် ပြည်သူလူထု လက်ခံပြီးတော့မှ အကျင့်စာရိတ္တကောင်းမွန်တဲ့ ပါတီဝင်ထဲကပဲ ရွေးမယ်ပေါ့နော်၊ အကြမ်းအားဖြင့် ဒီလောက်ပဲရှိပါတယ်"

ရွေးကောက်ပွဲ နီးကပ်လာနေပေမယ့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့  တိုက်ပွဲတွေကြောင့် ဘယ်မြို့ နယ်မှာ ရွေးကောက်ပွဲဖြစ်မယ် မဖြစ်ဘူးဆိုတာကို မသေချာသေးပါဘူး။ ဒါကြောင့် ကိုယ်စားလှယ် မရွေးရ သေးဘူးလို့ ရခိုင်အမျိုးသားပါတီ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောပါတယ်။

"ရခိုင်ပြည်ရဲ့အနေအထားအရ ရွေးကောက်ပွဲဟာ ဘယ်နေရာတွေမှာ ကျင်းပမလဲဆိုတာတောင်မှ တိတိကျကျ မသိရသေးတဲ့အချိန်၊ နောက်တခု ရခိုင်ပြည်နယ်မြောက်ပိုင်းလို့ ပြောတဲ့ဒေသမှာဆိုရင် စစ်ဘေးဒုက္ခသည်တွေ နဲ့ပဲ ရွာတွေ၊ လူတွေ ဒုက္ခမျိုးစုံခံနေရတဲ့ အဲအချိန်မှာ ရွေးကောက်ပွဲလုပ်မယ် မလုပ်မယ် ဆိုတာမသိရသေး ဘဲနဲ့ ဒီပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကဖြင့် ဘယ်သူတွေဖြစ်တယ်လို့ ဘယ်လိုဆောင်ရွက်မလဲ"

ရခိုင်အမျိုးသားပါတီအနေနဲ့ ၂၀၁၀၊၂၀၁၅ နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းရွေးချယ်မှုအကြောင်း ကြေညာပြီးမှသာ ရွေးချယ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

တိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများအပြားနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့မှာ ဒီနှစ် ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေက မရေမရာ ဖြစ်နေပါတယ်။

ယခင် ရွေးကောက်ပွဲတွေမှာလည်း ရှမ်းပြည်နယ်၊ ဝဒေသမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။