ရွေးကောက်ပွဲပြင်ဆင်မှုအပေါ် တော်လှန်ရေးအင်အားစုတွေ ကန့်ကွက်
2024.07.09

စစ်ခေါင်းဆောင်က လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က ထုတ်ပြောပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် လိုအပ်တာတွေကို အရှိန်မြှင့်ပြင်ဆင်မယ်လို့ ဇူလိုင်လ ၇ ရက်နေ့က ပြောလာပါတယ်။
ရွေးကောက်ပွဲအတွက် လာမယ့် အောက်တိုဘာလမှာ လူဦးရေ သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီက ပြင်ဆင်နေသလို တစ်ချိန်တည်းမှာပဲ သူတို့ အသစ်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က အတည်ပြုတာ၊ ပယ်ချတာတွေ လုပ်နေပါတယ်။
စစ်ကောင်စီက မဖြစ်မနေလုပ်မယ့် ဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေဘက်က နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမယ်လို့ 96 Soldiers PDF အဖွဲ့က ကိုဇေယျာလွင်က ပြောပါတယ်။
“နည်းပေါင်းစုံနဲ့ ရွေးကောက်ပွဲကို မည်ကာမတ္တ ဖြစ်အောင်တော့ သူလုပ်သွားမှာပဲ။ သူရဲ့ဆုတ်လမ်းပဲ ပြောရမလား။ ထွက်ပေါက်တစ်ခုအနေနဲ့ သူလုပ်မှာပေါ့နော်။ ကျွန်တော်တို့ဘက်က ဒီဘက်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကတော့ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်တာတွေရှိလာမယ်။ ရွေးကောက်ပွဲကို မပူးပေါင်းဖို့ ပြည်သူလူထုကို လှုံ့ဆော်တာတွေရှိလာမယ်”
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲခြေလှမ်းတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနေတာမှာ စစ်တပ်နဲ့ မနီးစပ်တဲ့ပါတီတွေဟာ ပါတီမှတ်ပုံတင် ပယ်ချခံနေရပါတယ်။
မြန်မာပြည်က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအကြောင်း ဝေဖန်ရေးသားခဲ့လို့ ထောင်ကျခဲ့ဖူးသူ ဒေါက်တာအမ်ကောန်လ ဦးဆောင်တဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီနဲ့ ရိုဟင်ဂျာပါတီ ဖြစ်တဲ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေနဲ့ မညီလို့ဆိုပြီး စစ်ကောင်စီက ဇူလိုင်လ ၈ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့် ပယ်ချခဲ့ပါတယ်။
အဲဒီပါတီမှတ်ပုံတင်ခွင့် ပယ်ချခံရတဲ့ ပါတီတွေထဲမှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသား ပါတီ ANP လည်း ပါဝင်နေပါတယ်။
မှတ်ပုံတင်ခွင့်ပြုပြီး ပါတီစာရင်းကတော့ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီအပါအဝင် ပါတီ ၄၇ ခုရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
တရုတ်နဲ့ ထိုင်းလို စစ်ကောင်စီ မိတ်ဖက်နိုင်ငံတချို့ကလွဲပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက လက်မခံတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက အသက်အန္တရာယ်ထိခိုက်အောင်အထိ မကန့်ကွက်သင့်ဘူးလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။
ဗကသ ကျောင်းသားဟောင်း ကိုမင်းသွေးသစ်က… “ရွေးကောက်ပွဲကို လုပ်ဖို့အင်နဲ့အားနဲ့ကြိုးစားလာတဲ့နေရာမှာ ပြည်သူတွေက အရမ်းကာရော ဆန့်ကျင်တယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်ရမှာပဲ အဖတ်တင်မယ်။ ပြည်သူတွေ တာဝန်လည်း ကျေပြီ။ ရင်းခဲ့ရတာတွေလည်း များပြီဖြစ်တဲ့အတွက် စစ်ကောင်စီ ရွေးကောက်ပွဲကာလမှာ သူတို့လုပ်မဲ့ ကိစ္စတွေကို ပေါ်ပေါ်တင်တင် ဟန့်တားကန့်ကွက်ဖို့ ဆန္ဒပြဖို့ ဒါမျိုးတွေလုပ်ဖို့အတွက် ပြည်သူတွေက သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ လိုတယ်။ အသက်အန္တရာယ်ကို တိုက်ရိုက်ထိခိုက်နိုင်တဲ့အထိ Risk ယူပြီး ဆန့်ကျင်မှု မလုပ်သင့်ဘူး။ လစ်တဲ့အချိန်တွေမှာ ဆိုရင်တော့ ဆောင်ရွက်လို့ ရတယ်ပေါ့နော်။”
NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ “လိမ်ညာလှည့်ဖျားတဲ့ ရွေးကောက်ပွဲဖြစ်မယ်။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ အနည်းစုလေးပဲ ထိန်းချုပ်ထားနိုင်တာ၊ တရားမျှတတဲ့ တကယ့်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”
စစ်ခေါင်းဆောင်ဟာ နိုင်ငံအေးချမ်းမှုလိုအပ်နေပြီး သာမာန်အခြေအနေမဟုတ်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခြောက်လ တစ်ကြိမ်သက်တမ်းတိုးလာတာ ငါးကြိမ်မြောက်ရှိနေပြီဖြစ်ပြီး အခုလကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် လေ့လာသူတွေကတော့ စစ်ကောင်စီက အကြောင်းပြချက်တစ်ခုခုနဲ့ သက်တမ်းထပ်တိုးသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
အာဏာသိမ်းပြီးနောက် ကြုံနေရတဲ့ ပြည်တွင်းပြည်ပ ဖိအားတွေကြား ထွက်ပေါက်အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း တရားမျှတပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်တဲ့ ရွေးကောက်ပွဲမဖြစ်နိုင်သလို ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်က စည်းရုံးပြောဆိုနေပေမဲ့ ပြည်သူလူထုကတော့ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောကြပါတယ်။