မဏိပူရ်မှာ မြန်မာဒုက္ခသည်တွေ ရှာဖွေဖမ်းဆီးခံနေရ
2023.11.13

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က မိုးရေးမြို့မှာခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ ကို ဒေသအာဏာပိုင်တွေက လိုက်လံစစ်ဆေးပြီး ဖမ်းနေလို့ ဒုက္ခသည်တွေဟာ ခိုလှုံနေတဲ့ အိမ်ထဲက နေအပြင် မထွက်ရဲကြသလို၊ တချို့က တောတောင်တွေထဲမှာ နေရတယ်လို့ ဒုက္ခသည်တွေနဲ့ ကူညီပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
"အခုချိန်ထိ မြို့ထဲရပ်ကွက်ထဲမှာ မနေရဲတော့ဘဲနဲ့ ဒေသခံတွေပါ ပြေးနေရ၊ ပုန်းနေရတဲ့ အနေအထားမျိုးအထိ ဆက်လက်ဖြစ်နေဆဲပဲ"
အောက်တိုဘာ ၃၁ ရက်နေ့က မိုးရေးမြို့မှာ ရဟတ်ယာဉ်ကွင်း ဖောက်မယ့်နေရာကို စစ်ဖို့ရောက်လာတဲ့ ရဲအရာရှိတစ်ယောက် ပစ်သတ်ခံရပြီးနောက်မှာ သံသယရှိတဲ့သူတွေကို ရှာဖွေဖမ်းဆီးနေသလို မြန်မာဒုက္ခသည်တွေပါရောပြီး အဖမ်းခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည် ကူညီပေးနေတဲ့သူတစ်ယောက်က ပြောပါတယ်။
“ကွန်မန်ဒိုတွေက ရပ်ကွက်တွေကို ဆက်ပြီးမှ စစ်ဆေးနေတယ်။ တချို့နေရာတွေ ဝင်စစ်တယ်။ ဒီအတိုင်းပဲ အကြမ်းဖက်တဲ့ ပုံစံမျိုး၊ တချို့ဆိုင်ကယ်တွေဆိုရင် မကောင်းတဲ့ဆိုင်ကယ်တွေဆိုရင် ရိုက်ဖျက်တယ်။ ကောင်းတဲ့ဆိုင်ကယ်တွေဆိုရင်လည်း သူတို့ ကားပေါ်ကနေ တင်ပြီးယူသွားတယ်။ ပြောရမယ်ဆိုရင် မြန်မာပြည်က စစ်(-)တွေ၊ ပျူစောထီးတွေ လုပ်ရပ်တွေနဲ့ တစ်ပုံစံတည်း ကျူးလွန်နေကြတယ်။ အဲဒီအခြေအနေ ရှိနေတဲ့အခါကျတော့ အခုချိန်ထိ မြို့ထဲရပ်ကွက်ထဲမှာ မနေရဲတော့ဘဲနဲ့ ဒေသခံတွေပါ ပြေးနေရ၊ ပုန်းနေရတဲ့ အနေအထားမျိုးအထိ ဆက်လက်ဖြစ်နေဆဲပဲ။ အခြေအနေ ကတော့ မကောင်းသေးဘူးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်”
နိုဝင်ဘာ ၁ ရက်မနက်ကလည်း မြန်မာဒုက္ခသည် အမျိုးသား ၂၂ ယောက်နဲ့ အမျိုးသမီး ၁၉ ယောက် စုစုပေါင်း ၄၁ ယောက်ကို မဏိပူရ်အာဏာပိုင်တွေ ဖမ်းသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
သူတို့ထဲက ကလေးတွေနဲ့ အမျိုးသမီးတွေကို နိုဝင်ဘာ ၂ ရက် နေ့မှာ ပြန်လွှတ်ပေးခဲ့ ပေမယ့် အမျိုးသား ၁၁ ယောက်ကိုတော့ အင်ဖာထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီဆယ့်တစ်ယောက်ထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေး တစ်ယောက်ပါတယ်လို့ မိသားစုတွေက ပြောပါတယ်။
အဲဒီနေ့ကပဲ မြန်မာဒုက္ခသည် အမျိုးသား ဆယ်ယောက် ထပ်အဖမ်းခံရပြီး သူတို့ကိုလည်း အင်ဖာ အကျဉ်းထောင်ထဲမှာ ချုပ်ထားတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။
မဏိပူရ်အာဏာပိုင်တွေက မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကိုယ်ရေးအချက်အလက်တွေ မေးမြန်းစရာရှိတယ်လို့ ဆိုပြီးခေါ်သွားပေမယ့် ပြန်မလွှတ်တော့တာလို့ ခင်ပွန်းသည် အဖမ်းခံရတဲ့ အမျိုးသမီးက ပြောပါတယ်။
“၃၁ ရက်နေ့တုန်းက ကသည်းအရာရှိတစ်ယောက် အသတ်ခံရတာပေါ့နော်။ အဲဒါ မြန်မာသတ်တာတဲ့။ အဲဒါဆိုတော့ ကျွန်မသမီးက ပြောလိုက်တယ်။ ငါတို့က အေးအေးဆေးဆေး ကျောင်းတက်ရင်းနဲ့ စစ်ဘေးရှောင်လာနေတာပေါ့နော်။ နင်တို့ လူကြီးကို သတ်စရာအကြောင်းလည်း မရှိဘူးပေါ့နော်။ ဒါပေမဲ့ ရဲစခန်းကို ခဏလေးလိုက်ခဲ့ဦး၊ နင်တို့ရဲ့ ကိုယ်ရေးအချက်အလက် တောင်းမလို့ဆိုပြီး သူတို့က ပြောတယ်”
ဒါကြောင့် မြန်မာစစ်ဘေးဒုက္ခသည်တွေ အပြင်မထွက်ရဲဘဲ အိမ်ထဲပုန်းနေရတယ်လို့ ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိဘတစ်ယောက်ကလည်း၊ အင်ဖာအကျဉ်းထောင် ရောက်နေတဲ့ သူ့သားငယ်အတွက် စိုးရိမ်ပြီး အိပ်မပျော်တဲ့ညတွေ များလာပြီလို့ RFA ကို ပြောပါတယ်။
“ကိုယ့်လူကလည်း အင်ဖာထောင်အထိ ပို့ခံလိုက်ရပြီ။ ကိုယ့်အထဲကလူနဲ့ အဆက်အသွယ် မပြတ်ဖို့အရေး ဒီမှာနေဖို့လည်း လိုအပ်တယ်။ ပြီးတော့ ဒီမှာနေရတာကလည်း နေ့နေ့ညည ကြောက်နေရတာ။ ညဆိုရင်လည်း သူများကို တံခါးကို အပြင်ကနေ သော့ခတ်ပေးခဲ့ပါ၊ လူမရှိတဲ့ ပုံစံနဲ့ အထဲမှာ တိတ်တိတ် ကလေးနေပါ့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့။ လူမြင်ကွင်းမှာလည်း ပေါ်ပေါ်တင်တင်မသွားရဲဘူး။ မြန်မာမြင်ရင် ဖမ်းမှာလား၊ ဘာလားပေါ့။ အဲလိုမျိုး စိုးရိမ်စိတ်ကတော့ နေ့စဉ်နဲ့အမျှပါ။ အိပ်မပျော်တဲ့ရက်တွေ အများကြီးကို ကျွန်တော်တို့ ကြုံတွေ့နေရတယ်”
မဏိပူရ်မှာနေတဲ့ တောင်ပေါ်သား ကူကီးတွေနဲ့ မြန်မာပြည် တမူးမြို့နယ်မှာနေတဲ့ ကူကီးချင်းတွေဟာ လူမျိုးတူဖြစ်ပါတယ်။
မြန်မာဘက်က ဒုက္ခသည်တွေကို မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက ပြန်မောင်းထုတ် ခဲ့တဲ့အပြင် သူတို့ဆီက လူမျိုးရေးအဓိကရုဏ်းဟာ မြန်မာဘက်ကရောက်လာတဲ့ သူတွေကြောင့် ပြဿနာပိုကြီးစေတယ်လို့ ပြည်နယ် အာဏာပိုင်တွေက စွပ်စွဲထားသလို၊ ကသည်းအရာရှိ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာတွေကို ဖမ်းနေတာဟာ နှစ်နိုင်ငံကြား လူမျိုးရေးပဋိပက္ခ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
“သူတို့ ထည့်သွင်းစဉ်းစားဖို့ကတော့ မြန်မာနိုင်ငံမှာလည်း မဏိပူရ်ဘက်အခြမ်းက ကသည်းတွေ အပါအဝင် မဏိပူရ်ဘက်က လူတွေများစွာ နေထိုင်တာရှိပါတယ်။ ဒီလူတွေအပေါ်မှာ မြန်မာနိုင်ငံသားတွေ တုံ့ပြန်မှုရှိလာပြီးတော့မှ နိုင်ငံခြားလူမျိုး ပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာတွေ ကူးပြောင်းလာမှာကို ကျွန်တော်တို့အနေနဲ့ အင်မတန်စိုးရိမ်နေရတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်”
အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီ မှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့က အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေ စာပို့ပြီး မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
လက်ရှိမှာ အင်ဖာနဲ့ လမ်ကား အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၂၂ဝ ကျော် အဖမ်းခံထားရတယ်လို့ အကူညီပေးနေသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မဏိပူရ်ပြည်နယ်ကို ထွက်ပြေးရတဲ့သူ ငါးထောင်ကျော် ရှိသလို မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိတယ်လို့ ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။