ခေတ်မီတပ်မတော်ဖြစ်ရေး ဂျပန်က ကူညီပေးနေ
မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်ရေးအတွက် အဆင့်မြှင့်တင်ရာမှာ ဂျပန်နိုင်ငံက ကူညီပေးနေတဲ့ အခြေအနေတွေကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
-
2019-10-10 -
-
-
Your browser doesn’t support HTML5 audio
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဝန်ကြီးချုပ်ရုံးမှာ မနေ့က တွေ့ဆုံရာမှာ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်ရေး ဂျပန်နိုင်ငံ က ကူညီပေးမယ့် အကြောင်းကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံက မြန်မာ့တပ်မတော်ကို ခေတ်မီစစ်လက်နက် ဒါမှမဟုတ် နည်းပညာ၊ ဒါမှမဟုတ် ပညာရေး၊ ဘယ်ကဏ္ဍ မှာ ကူညီနေတယ်ဆိုတာကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ တိတိကျကျဖော်ပြ ထားတာ မတွေ့ရပါဘူး။
မြန်မာ့တပ်မတော်ကို လက်ရှိအချိန်မှာ ဂျပန်နိုင်ငံက ဘာတွေကူညီပေးနေလဲဆိုတာနဲ့ ထပ်တိုးကူညီမယ့်အစီ အစဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကတော့ ဂျပန်ရေတပ်ဟာ ကမ္ဘာမှာအင်အားကြီး တပ်မတော်တစ်ခုဖြစ်တာကြောင့် အဲဒီကိစ္စမျိုးတွေမှာ ထောက်ပံ့ကူညီမှုတွေရရှိနိုင်ပြီး လူထုဆက်ဆံရေးကိစ္စတွေမှာလည်း အကူအညီရနိုင်ကြောင်း သုံးသပ်ပါတယ်။
"ထောက်ပို့တွေဘယ်လိုလုပ်လဲ၊ လူ့အခွင့်အရေးကိစ္စတွေ ဘယ်လိုလုပ်မလဲ၊ အရပ်ဘက်ဆက်ဆံရေးကိစ္စတွေ ဘယ်လိုလုပ်မလဲ၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုလုပ်မလဲ၊ လူကိုသေစေတတ်တဲ့အရာမျိုးမဟုတ်တဲ့ ဟာတွေပေါ့ဗျာ၊ ဒါမျိုးတွေကို ကူညီမှာလည်း ဖြစ်နိုင်ပါတယ်၊ ဂျပန်နိုင်ငံရဲ့ရေတပ်က ကမ္ဘာ့အင်အားကြီး ရေတပ်ထဲမှာပါတော့ တချို့ရေတပ်ပိုင်းဆိုင်ရာနည်းပညာတွေပေါ့နော် ဆက်သွယ်ရေးကိစ္စတွေ ဘယ်လို လုပ်မလဲ ထိန်းချုပ်မောင်းနှင်တာတွေ ဘယ်လိုလုပ်မလဲ ဆိုတာတွေကို သူတို့ဘက်က ပံ့ပိုးကူညီမယ်ဆို ပံ့ပိုးပေးလို့ရပါတယ်"
တပ်မတော်က သတင်းထုတ်ပြန်ချက်မှာတော့ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ကိစ္စနဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့နဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက် တာတွေ မလုပ်ဖို့ ကုလသမဂ္ဂအချက်အလက် ရှာဖွေးရေးမစ်ရှင် FFM က လက်ရှိအချိန်မှာ ဖိအားပေးမှုတွေ ရှိနေပါတယ်။
ဒီလိုအချိန်မျိုးမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်တာမျိုးတွေ မလုပ်သင့်ဘူးလို့ ရှုမြင်သုံးသပ်သူတွေလည်းရှိပါတယ်။
လူ့အခွင့်ရေးလှုပ်ရှားနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fortity Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက
"လူမျိုးတုံးသတ်ဖြတ်မှုရှိကြောင်း တပ်မတော်က စွပ်စွဲခံနေရတယ်၊ တခြားတဘက်မှာလည်း တိုင်းရင်းသားဒေ သတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိလာတယ်၊ ချိုးဖောက်မှုတွေရှိတိုင်းမှာလည်း အပြစ်ပေး မခံရဘဲနဲ့ ကင်းလွတ်ခွင့်တွေ ရနေတဲ့ စစ်တပ်ကို ဂျပန်အစိုးရအနေနဲ့ ခေတ်မီနည်းပညာတွေ ပံ့ပိုးပေးတာက ချိုးဖောက်မှုတွေ ပိုကျူးလွန်အောင် အားပေးကူညီရာရောက်တယ်၊ ဒါကလုံးဝမဖြစ်သင့်တဲ့အရာပေါ့နော်။"
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ဖို့ ဂျပန်ဝန်ကြီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ ဂျပန်နိုင်ငံက မြန်မာဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကတော့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ အဖွဲ့အစည်းအားလုံးကို ဖိအားပေးမှုတွေ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဂျပန်နိုင်ငံရဲ့ ကူညီထောက် ပံ့မှုတွေဟာ ပြည်ပရန်ကိုကာကွယ်ဖို့အတွက်ဆိုရင် ကောင်းမွန်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ကိစ္စတွေမှာ မဖြစ်သင့်ကြောင်းပြောပါတယ်။
"မြန်မာတပ်မတော်ကို ခေတ်မီတဲ့တပ်မတော်ဖြစ်အောင် ကူညီမယ်ဆိုတာကတော့ ကောင်းတာပေါ့၊ နိုင်ငံတော်ကို ကာကွယ်ဖို့ ပြည်ပရန်ကို ကာကွယ်ဖို့ဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ပြည်တွင်းစစ်ကို ပိုပြီးမှ ဆိုးဆိုးဝါး ဝါးဖြစ်အောင် တိုင်းရင်းသားတွေကို တိုက်ခိုက်ဖို့ ကူညီမယ်ဆိုရင်တော့ မကောင်းဘူးပေါ့"
လက်ရှိအချိန်မှာ အာရှတွင်းနိုင်ငံတွေကို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ပိုမိုကျယ်ပြန့်လာနေတာကြောင့် ဒါကိုထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာခေါင်းဆောင်တွေက ပုံစံမျိုးစုံနဲ့ ကြိုးစားလာတာတွေရှိတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှု တိုးလာတာကို လျှော့ချနိုင်အောင် ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ရော တပ်မတော်နဲ့ပါ ပူးပေါင်းဆောင်ရွက်လာတာလို့ ရှုမြင်သူတွေလည်းရှိပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက
"ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ရတဲ့ အကြောင်းအရင်းထဲမှာ တရုတ်နိုင်ငံရဲ့ ဒေသတွင်းမှာ မြင့်တက်လာနေတဲ့ သြဇာအရှိအဝါ၊ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပတ်သက်နေမှု ဒါတွေနဲ့ ဆိုင်တယ်လို့ ကျွန်တော်က မြင်ပါတယ်၊ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ် လျော့ချနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဂျပန်နိုင်ငံအနေနဲ့ အစိုးရနဲ့ရော တပ်မတော်နဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံဖို့ ခြေလှမ်းလာတယ်လို့ မြင်ပါတယ်။"
ဒီလနောက်ဆုံးပတ်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကိုသွားရောက် ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း ဂျပန်နဲ့ မြန်မာအစိုးရကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို ဆွေးနွေးနိုင်ခြေရှိနေကြောင်း သုံးသပ်ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဘုရင်မင်းမြတ် နရူဟိတို နန်းတက်ပွဲ အခမ်းအနား လည်းရှိနေတာကြောင့် အဲဒီပွဲကို တက်ရောက်လာမယ့် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးနိုင်မလားဆိုပြီး မျှော်လင့်နေသူတွေလည်းရှိပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြသည်။)