တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ကိုယ်စားလှယ်များနဲ့ ဂျပန်တွေ့ဆုံ

RFA Burmese
2024.05.15
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ကိုယ်စားလှယ်များနဲ့ ဂျပန်တွေ့ဆုံ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ် (ဝဲ)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (လယ်)နှင့် ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura) (ယာ) တို့အား ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Facebook/MOFA of Japan

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masah iro Komura) ဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်း၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်တို့ကို မေလ ၁၄ ရက်နေ့မှာ တွေ့ ဆုံခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ပြဿနာအတွက် အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ကိုယ်စားလှယ်များကလည်း မြန်မာ့အရေး စဉ်ဆက်မပြတ် ကူညီနေတဲ့ ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဂျပန်နိုင်ငံက ဘာတွေမျှော်လင့်လဲဆိုတာ ဆွေးနွေးခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်ကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“လောလောဆယ်ကတော့ သတင်းထဲမှာပါတဲ့အတိုင်းပဲ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့သဘောပေါ့နော်။ အဓိက ကတော့ လူသားချင်း စာနာထောက်ထားမှုကိစ္စကို ဆွေးနွေးခဲ့တာပါ။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက ကျွန်တော်တို့ ပြည်နယ်ထဲမှာက စစ်ရှောင်တွေက တစ်ပြည်လုံးနီးပါး ရှိတယ်လေ။ ဒီအတွက်ကို ပညာရေး၊ ကျန်းမာရေး၊ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီရရှိရေးအတွက် သူတို့အနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ပြောချင်တာပါ”

ဒီဆွေးနွေးမှုကနေ ဘယ်လိုရလဒ်တွေ ထွက်လာမလဲ၊ ဘာတွေမျှော်လင့်ထားလဲ ဆိုတဲ့အခြေအနေကိုတော့ တိတိကျကျမပြောသွားပါဘူး။ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီရှိနေတဲ့ ကယားပြည်နယ်အပြင် ဒေသတော်တော်များများမှာ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက်မှုတွေလည်း လုပ်ထားပါတယ်။

“အခုလို တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံတာကာက တာဝန်ရှိသူတွေ တွေ့ဆုံမှုဟာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်”

တွေ့ဆုံပွဲနဲ့ပတ်သက်လို့ KNU ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းတာမှာတော့ လတ်တလောဖြေကြားဖို့ မရှိသေးကြောင်းသာ တုံ့ပြန်ပါတယ်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အခုလိုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ ဒီတွေ့ဆုံမှုဟာ မြန်မာ့နိုင်ငံရေးအပေါ် သြဇာလွှမ်းနေတဲ့ တရုတ်ရဲ့ လုပ်ရပ်အပေါ် ပြန်ပြီးထိန်းညှိနှိုင်းဖို့ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ အရေးပါတဲ့ကဏ္ဍတွေကို တရုတ်က ကစားလာတယ်။ တရုတ်ရဲ့ကဏ္ဍကလည်း ကြီးလာတယ်။ အခုက တဖြည်းဖြည်းနဲ့ သူက ပြိုင်ဘက်အသွင် ဆောင်လာတဲ့အခါကျတော့ အမေရိကားအနေနဲ့ တိုက်ရိုက်မဟုတ်ရင်တောင်မှ ဂျပန်ကနေ ကြားကနေ ခံပြီးတော့ အဆက်အသွယ်လုပ်ပေးတယ်၊ ချိတ်ပေးတယ်ပေါ့နော်။ ဥပမာ မြောက်ပိုင်းမှာ တရုတ်က MNDAA တို့၊ TNLA တို့၊ AA တို့ကို ကစားနိုင်တယ်ဆိုရင် ဒီဘက်မှာလည်း အနောက်အုပ်စုကိုယ်စားပြုပြီးတော့ KNU နဲ့ ဒီဟိုဟာကို သူတို့ကစားချင်တယ်ဆိုတဲ့သဘောပေါ့။ လွှမ်းမိုးမှုရအောင် လုပ်လာတဲ့သဘောပေါ့”

နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ဘာသာရပ်လေ့လာသူ ကိုကျော်စောဟန်ကလည်း တရုတ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ဆွေးနွေးပွဲရလဒ်တွေအပေါ်မှာ တရုတ်ဘက်က ပွင့်လင်းမြင်သာအောင် ချပြတာမျိုးမရှိခဲ့တဲ့အပေါ် အနောက်နိုင်ငံတွေဘက်က စိုးရိမ်မှုတွေ ရှိလာပုံရတယ်လို့ သုံးသပ်ပါတယ်။

“နိုင်ငံတကာ ကြားဝင်မှု အောင်မြင်နိုင်ခြေဆိုတာက နှစ်ဖက်လုံးအပေါ်မှာ တည်လိမ့်မယ်ပေါ့နော်။ ဒီဘက်တော်လှန်ရေး အင်အားစုကလည်း ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ အနေအထားတွေအပေါ်မှာ မူတည်ပြီးတော့ ဘယ်လောက်အထိ စကားဆက်ပြောမယ်ဆိုတာ မူတည်သလို တစ်ဖက်က စစ်ကောင်စီအပေါ်မှာလည်း အများကြီးမူတည်လိမ့်မယ်လို့ ထင်ပါတယ်။ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမလဲဆိုတာက နှစ်ဖက်အဖွဲ့အတွေအပေါ်မှာ မူတည်တော့ ပြောဖို့ စောသေးတာပေါ့နော်”

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ K3C လို့ အမည်ပေးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ တွေ့ဆုံခဲ့ပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးကြရသည့် စစ်ဘေးဒုက္ခသည်များအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝေမျှပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများ)
နေရပ်စွန့်ခွာ ထွက်ပြေးကြရသည့် စစ်ဘေးဒုက္ခသည်များအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝေမျှပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများ)

အိုးအိမ်စွန့်ခွာနေရသူတွေရဲ့ အခြေအနေ၊ ပြည်တွင်းမှာ နေထိုင်ရသူတွေရဲ့ အခက်အခဲတွေနဲ့ နည်းလမ်းသစ်တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ KNO ကချင်အဖွဲ့စတဲ့ လက်နက်ကိုင်တွေနဲ့ ဧပြီလအတွင်းမှာ သီးခြားစီ တိတ်တဆိတ်တွေ့ဆုံခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။

အခုလို တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံတကာက တာဝန်ရှိသူတွေ တွေ့ဆုံမှုဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ကျွန်တော်တို့လည်းပဲ ဖက်ဒရယ်ကို သွားမှာလေ။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားမှာဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ ပြည်နယ်တွေမှာက သူ့သက်ဆိုင်ရာ တိုင်းရင်းသားအင်အားစုတွေက အရေးကြီးတဲ့ State Holder တွေအနေနဲ့ ရှိနေမှာလေနော်။ အဲဒီတော့ သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေတွေရဲ့ State Holder တွေနဲ့ နိုင်ငံတကာ တာဝန်ရှိသူတွေ တွေ့ကြတယ်ဆိုတာက ကောင်းတဲ့အလားအလာဖြစ်ပါတယ်”

မြန်မာ့နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ NUG အပါအဝင် ထိုင်းနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေ နောက်ပိုင်းမှာ ပိုမိုတွေ့ဆုံမှုတွေရှိလာနိုင်ပြီး မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲအချို့ မြင်လာရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။