မယ်စဲ့တိုက်ပွဲအပြီး ၃၀၀၀ ကျော်ထွက်ပြေး၊ စစ်ကောင်စီတပ်သား ခုနစ်ဦး ထိုင်းနိုင်ငံထဲ ခိုလှုံ

တင်အောင်ခိုင် (ဘန်ကောက်)
2023.06.15
မယ်စဲ့တိုက်ပွဲအပြီး ၃၀၀၀ ကျော်ထွက်ပြေး၊ စစ်ကောင်စီတပ်သား ခုနစ်ဦး ထိုင်းနိုင်ငံထဲ ခိုလှုံ ထိုင်းနိုင်ငံဘက်သို့ ခိုလှုံလာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဇွန်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကရင်နီပြည်နယ် မယ်စဲ့ မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေ ပြီးဆုံးသွားပြီဖြစ်ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး တော်လစခန်းကနေ ထိုင်းနိုင်ငံဘက်ကို ခိုလှုံသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

"ထိုင်းဘက်က လူတစ်ထောင်ကျော် ထိန်းထားသေးတယ်ပြောတော့ စုစုပါင်း ၃၀၀၀ ကျော်မှာပေါ့”

အစိုးရဝန်ထမ်းတွေလည်း PDF တွေထံ ရောက်ရှိလာတယ်လို့ ကရင်နီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဘီထူးက ပြောပါတယ်။

“စခန်း သုံးခုရလိုက်တယ်၊ တချို့ကလည်း ထိုင်းဘက်မှာ ပြေးတယ် ခုနစ်ယောက်လား မသိဘူး၊ တော်လစခန်းလေ အဲဒီစခန်းကနေ ထွက်ပြေးတယ်ပြောတယ်၊ ကျွန်တော်တို့ မေးတော့မသိဘူးလို့ ပြောတယ်၊ ဖုံးထားတာလားမသိ နောက်အစိုးရဝန်ထမ်းတွေလည်း နယ်စပ်ကနေပြေးလာတယ်၊ ကျွန်တော်ကပြောတယ် အစိုးရဝန်ထမ်းတွေဆိုရင် ပြန်လွှတ်လိုက်တော့ ပညာရေး၊ ကျန်းမာရေးကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ မှာထားတယ်”

လက်ရှိထွက်ပြေးလာကြတဲ့ ဒုက္ခသည်အရေအတွက်ဟာ သုံးထောင်ကျော်ရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောပါတယ်။

“ကျွန်တော်တို့ သိထားတာ နက်ကီးဘက်မှာ ၁၂၉ ယောက်၊ နောက်ပြီး ဖောင်ဖေမှာက ၂၀၂၃၊ ထိုင်းဘက်က လူတစ်ထောင်ကျော် ထိန်းထားသေးတယ်ပြောတော့ စုစုပါင်း ၃၀၀၀ ကျော်မှာပေါ့”

ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က စောင့်ရှောက်ထားသလို ကရင်နီ လူမှုကယ်ဆယ်ရေး အဖွဲ့တွေကလည်း အကူအညီပစ္စည်းတွေ ပို့ဆောင်နေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဘက်သို့ ခိုလှုံလာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ထိုင်းနိုင်ငံဘက်သို့ ခိုလှုံလာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တစ်ဆက်တည်း ဒုက္ခသည်တွေ ထွက်ပြေးကြတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လေယာဉ်ရန် ကြောက်လို့ ထွက်ပြေးနေတာလို့ ဗိုလ်ချုပ်ဘီထူးက ပြောပါတယ်

“အမှန်က မပြေးလည်းရတယ်နော်၊ ခုရန်သူစခန်းက မရှိတော့ဘူး၊ အဲဒီမှာ နေလို့ရတယ်။ ဒါပေမဲ့ လေယာဉ်ရန်ကြောက်လို့ ပြေးနေကြတာ၊ မနေ့ကတောင် လေယာဉ်နဲ့ လာပစ်သေးတယ်”

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ မြေပြင်ထိုးစစ်တွေ ကရင်နီပြည်နယ်အတွင်း ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ လေယာဉ်တွေနဲ့ တိုက်ခိုက်တာမျိုးရှိသလို မြို့ကြီးတွေအနီးမှာ အခြေစိုက်တဲ့ တပ်စခန်းတွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာဟာလည်း လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကို ကြောက်လို့သာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။