မတ်လအတွင်း သတင်းသမား ခြောက်ဦး ထောင်ချခံရ
စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာတင် သတင်းသမား ခြောက်ဦး ထောင်ချခံလိုက်ရပါတယ်။
- 2022-04-04
-
-
-
စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာတင် သတင်းသမား ခြောက်ဦး ထောင်ချခံလိုက်ရတယ်လို့ သတင်းမီဒီယာနဲ့ သတင်းထောက်တွေရဲ့ကိစ္စကို မှတ်တမ်းတင်နေတဲ့ Detained Journalists Information Myanmar အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မတ်လထဲမှာ ထောင်မိန့်ချမှတ်ခံလိုက်ရသူ ခြောက်ဦးကတော့ ကမာရွတ်မီဒီယာက တာဝန်ခံ အယ်ဒီတာ ကိုဟံသာညိန်း၊ မစ္ဇျိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင်၊ Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေ၊ Mandalay Free Press (MFP) သတင်းဌာနက အယ်ဒီတာအဖွဲ့ဝင် ကိုအောင်ဇော်ဇော်၊ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ အလွတ်သတင်းထောက် ကိုနောင်ရိုး တို့ ဖြစ်ပါတယ်။
သူတို့အားလုံး နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ-၅၀၅ (က)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ-၁၂၄ တို့နဲ့ အနည်းဆုံး ထောင် တစ်နှစ်ခွဲကနေ အများဆုံး ၁၁ နှစ်ကျော် အထိ အသီးသီး ချမှတ်ခံလိုက်ရတာပါ။
ကမာရွတ်မီဒီယာ တာဝန်ခံအယ်ဒီတာ ကိုဟံသာညိန်းဆိုရင် အီလက်ထရွန်နစ်ဥပဒေ ပုဒ်မနဲ့ ထပ်တိုး အရေးယူခံထားရပါတယ်။
သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရမှုတွေဟာ အခုချိန်ထိ ဆက်ရှိနေတယ်လို့ သတင်းမီဒီယာအရေး စောင့်ကြည့်မှတ်တမ်းတင်နေသူ Detained Journalists Information Myanmar အဖွဲ့က စာရေးဆရာ ကိုဟန်ဇော်က ပြောပါတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ စပြီးတော့ ၂၀၂၂ ခုနှစ် မတ်လကုန်ပိုင်းအထိ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သတင်းသမား ၁၃၅ ဦး ကျနော်တို့ ရှိပါတယ်။ အမျိုးသားက ၁၀၉ ဦး ရှိပြီးတော့ အမျိုးသမီးက ၂၆ ဦး ရှိပါတယ်။ အဲဒီမှာ အဖမ်းခံရတာ မဟုတ်ဘဲနဲ့ သတင်း လုပ်ငန်း လုပ်ရင်း သေဆုံးတဲ့သူက သုံးဦး ရှိပါတယ်။ အမျိုးသားချည်းပဲ သုံးဦး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာက ၅၅ ဦး ရှိ ပါတယ်။ အဲဒီထဲမှာမှ အမျိုး သားက ၄၂ ဦး ရှိပြီးတော့ အမျိုးသမီးက ၁၃ ဦး ရှိပါတယ်။ ဒီထဲမှာ ပြစ်ဒဏ် ကျခံရတဲ့သူက ၂၂ ဦး ရှိပါတယ်။ အဲဒီ ထဲက ခြောက်ဦးက ပြန်လွတ် လာတယ်ပေါ့။ အဲဒီအခြေအနေရှိပါ တယ်။ နောက်တစ်ခုက မတ်လထဲမှာတော့ ထောင်ဒဏ် ချခံရတဲ့သူက ခြောက်ဦး ရှိပါတယ်”
ပြည်တွင်းမှာ အလုပ် လုပ်နေရတဲ့ သတင်းသမားတွေဟာ သူတို့အလုပ်ကို သိုသိုဝှက်ဝှက် လုပ်နေရပြီး၊ ဥပဒေတွေကလည်း အကာအကွယ် မပေးနိုင်ဘူးလို့ ဦးဟန်ဇော်က ပြောပါတယ်။ Karen Information Center (KIC) သတင်းဌာနရဲ့ မြဝတီမြို့ခံ သတင်းထောက် ကိုနေနော်လည်း မတ် လ ၂၈ ရက်နေ့က အဖမ်းခံလိုက်ရပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာမှာလုပ်တဲ့ သတင်းသမားတိုင်း အတွက် အန္တရာယ်ရှိနေတယ်လို့ ရန်ကုန်မြို့က သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါ တယ်။
“အခုကတော့ နှိပ်စက်ခံရတဲ့ ကိစ္စတွေလည်း ရှိတယ်။ အဖမ်းခံရတိုင်းတော့ မဟုတ် ပေမယ့် တချို့ကိစ္စတွေမှာ နှိပ်စက်ခံရသူတွေ ရှိတယ်။ ပြောရရင်တော့ အဖမ်းလည်း ခံရနိုင်တယ်။ အသက်အန္တရာယ်လည်း ဆုံးရှုံးခံရနိုင်တယ်လို့ ပြောရမှာပေါ့နော်။ မြန်မာပြည်ဟာ တရုတ်ပြီးရင် အဖမ်းခံရမှု အများဆုံးဆိုတဲ့ အနေအထား ဖြစ်နေတာကိုး။ ဒီဟာကလည်း အညွှန်းကိန်းမှာ တော်တော်လေး မြန်မာပြည်ဟာ ကမ္ဘာမှာ သတင်း သမားတွေ ဒုတိယ အများဆုံး အဖမ်းခံနေရတယ်ဆိုတဲ့ဟာ အဲဒီတော့ လွတ်လပ်တဲ့ မီဒီယာ တစ်ခုမှာ လုပ်နေရင် အန္တရာယ်ရှိတယ်။ နောက်တစ်ခုကတော့ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ဒီဖြစ်စဉ် တွေပဲဖြစ်စေ ဒီဖြစ်စဉ်တွေကို တင်ပြနေရင်တော့ အန္တရာယ် ရှိတာပေါ့နော် ”
အရင်ကတော့ သတင်းသမားတွေဟာ ပုဒ်မ ၅၀၅ တစ်ခုကိုပဲ ကြောက်စရာရှိပေမယ့် အခုနောက်ပိုင်းမှာတော့ PDF၊ NUG တို့ကို ဆက်သွယ်မေးမြန်း သတင်းရယူရုံနဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။
တည်ဆဲ သတင်းမီဒီယာ ဥပဒေပုဒ်မ-၇ မှာ သတင်းသမားတွေဟာ စစ်မက်ဖြစ်ပွားတဲ့ နေရာဒေသတွေ၊ အဓိကရုဏ်းတွေနဲ့ လူထုဆန္ဒပြပွဲတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ရှိသလို ဘယ်သူကမှ ဖမ်းဆီးခွင့် မရှိ၊ ကိုင်တွယ်သုံးစွဲတဲ့ စက်ပစ္စည်းကိရိယာတွေကို သိမ်းဆည်းခွင့် မရှိ၊ သတင်းအဖြစ် ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို ဖျက်ဆီးခွင့် မရှိလို့ ပြဋ္ဌာန်း ထားပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အဲဒီဥပဒေဟာ အသက် မဝင်တော့ဘူးလို့ သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
"သတင်းလောကမှာ လူ့စွမ်းအား အရင်းအမြစ်တွေက တဖြည်းဖြည်းနဲ့ ပျောက်ဆုံးကုန်တယ်။"
စစ်ကောင်စီက သတင်းသမားတွေကို အစပိုင်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ အရေးယူရာကနေ ၂၀၂၁ ခုနှစ်၊ ဇွန် လ နောက်ပိုင်းမှာတော့ ထောင်နှစ်ရှည်တွေ ချမှတ်နိုင်တဲ့ ရာဇဝတ် ပုဒ်မတွေနဲ့ ပြောင်းလဲ အရေးယူလာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ပြောပါတယ်။
“သတင်းမီဒီယာတွေကို ဇွန်လ ၃၀ ရက်နောက်ပိုင်းမှာ ဆွဲတဲ့ပုဒ်မတွေကတော့ ခုနက ပြောတဲ့ ၅၀၅(က) က မပါမဖြစ်၊ နောက် ဒီ မတရားအသင်း အက်ဥပဒေ ပုဒ်မ-၁၇(၁)၊ နောက် ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မ-၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၁၂၄ (က)၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(ည)၊ ပုဒ်မ-၅၂ (က) ဒါတွေနဲ့ စွဲတာတွေ တွေ့ရ ပါတယ်။ ယခင်တုန်းကတော့ အမြင့်ဆုံး ပြစ်ဒဏ် သုံးနှစ်ကျခံနိုင်တဲ့ ပုဒ်မနဲ့ ဆွဲတာ ကနေ အခုအခါမှာ ပုဒ်မ-၅၀(ည)ဆိုရင် အနိမ့်ဆုံးက ၁၀ နှစ်၊ အမြင့်ဆုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်တဲ့ အတွက် ၁၂၄ (က)ဆိုရင်လည်း ထောင်ဒဏ်အနှစ် ၂၀ အထိ ကျနိုင်တဲ့အတွက် ပြစ် ဒဏ် ကြီးကြီးမားမား ကျနိုင်တဲ့ ပုဒ်မတွေနဲ့ ပြောင်းလဲ စွဲဆိုလာတာကို ကျနော်တို့ တွေ့ရပါတယ်”
တရားရုံးတွေမှာလည်း သတင်းသမားအများစုဟာ သတင်းမီဒီယာအလုပ်ကိုပဲ လုပ်ဆောင် ခဲ့တယ်ဆိုတာ မျိုး သက်သေပြနိုင်ခဲ့ပေမဲ့ အမိန့်ချတဲ့အခါမှာတော့ တစ်ယောက်ကိုမှ ပြန်လွှတ်ပေးတာမျိုး မတွေ့ရဘဲ အပြစ်ရှိတယ်ဆိုတာမျိုးပဲ အမိန့်ချနေတယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
သတင်းသမားတွေ ဖမ်းဆီး ထောင်ချခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းသမားက သတင်းအလုပ် မလုပ်ဘဲ အကြမ်းဖက်မှုအားပေးတာကြောင့် ဖမ်းဆီးရတာလို့ တုံ့ပြန်ပါတယ်။
“တပ်မတော်နေ့မှာ ပြည်တွင်းသတင်းမီဒီယာ ၄၀ ကျော် တက်ခဲ့တယ်။ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းမီဒီယာ ၂၆ ဦး တက်ခဲ့တယ်။ လွတ်လွတ်လပ်လပ် လုပ်နေ တာပဲ။ လွတ်လွတ်လပ်လပ် ရေးနေတာပဲဗျာ။ သတင်းသမားသည် သတင်း သမား အလုပ်လုပ်ကို လုပ်တယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘာမှ ဖမ်းဆီးစရာ အကြောင်းမရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရင် ခင်ဗျားတို့ RFA သတင်းထောက်တွေလည်း မြန်မာနိုင်ငံ ထဲမှာ ရှိနေတာပဲ။ သတင်းသမားက သတင်းသမားအလုပ် မလုပ်ဘဲနဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်အားပေးမှုနဲ့ လုပ်တယ်ဆိုရင်တော့ ကျနော်တို့က သတင်းသမားအဖြစ် ဖမ်းဆီးတာ မဟုတ်ဘူး။ အကြမ်းဖက်အားပေးသူအဖြစ် ပြီးရင်တော့ မမှန်သတင်း တွေပေါ့။ မမှန်သတင်းတွေကို အားပေးနေသူအဖြစ် ဖမ်းဆီးတာပဲ ဖြစ်ပါတယ်။”
သတင်းသမားတွေကို အဓိကတရားစွဲတဲ့ ပုဒ်မ- ၅၀၅ (က) ဟာ အနိမ့်ဆုံးထောင်ဒဏ် နှစ်နှစ်ပဲ ဖြစ်ပေမယ့် နောက်ပိုင်း တရားစွဲလာတဲ့ မတရားအသင်း ဥပဒေပုဒ်မ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မတွေကတော့ ထောင်ဒဏ်နှစ် ၂၀ ကနေ တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သတင်းသမားတွေကို ရန်သူလိုဆက်ဆံတာ စစ်ကြောရေးစခန်းတွေမှာ ကိုယ်တိုင်ကြုံခဲ့ ရတယ်လို့ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ ဖမ်းဆီးထောင်ချခံရပြီး ပြန်လွတ် လာတဲ့ DVB သတင်းဌာနက အကြီး တန်း သတင်းထောက် ကိုအောင်ကျော်က ပြောပါတယ်။
“ဘယ်လောက်အထိ သတင်းသမားတွေကို မုန်းလဲဆိုရင် ကျနော် စစ်ကြောရေးမှာ ရောက်နေတဲ့ အချိန်မှာဆိုရင် သူတို့ သတင်းတွေကို ထိုင်ဖတ်တယ်၊ ဖုန်းနဲ့ပေါ့။ အဲဒီမှာ သူတို့သဘောမကျတဲ့ သတင်းတွေ တွေ့တယ်ဆိုရင် ဒါက ကျနော်တင်ထားတဲ့ သတင်း မဟုတ်ဘူး၊ တခြားမီဒီယာတွေက တင်ထားတဲ့ သတင်းပေါ့၊ အသုံးအနှုန်းတို့ ဘာပဲဖြစ်ဖြစ် တွေ့တယ်ဆိုရင် ကျနော့်ကို ရိုက်တယ်။ ညှဥ်းပန်းနှိပ်စက်တယ်။ ကျနော်ကလည်း ပြောတယ်၊ ဒီသတင်းတွေက ကျနော်တင်ထားတာ မဟုတ်ဘူး၊ ကျနော်တို့က ဒေါ်လာစားတွေ မဟုတ်ဘူး၊ ကျနော်တို့ သတင်းဌာနဆိုရင်လည်း တရားဝင်မှတ်ပုံတင်ပြီးတော့ နိုင်ငံကိုလည်း အခွန်ဆောင်နေရတာ၊ ကျနော်တို့ လစာတွေကိုလည်း အခွန်ဆောင်နေရတာ၊ ကျနော်တို့မှာလည်း ကျပ်ငွေနဲ့ပဲ ရနေတာလို့ ပြောတာ လက်မခံဘူး။ သတင်းသမားတွေက တိုင်းပြည်ဖျက်နေတယ်ဆိုတဲ့ အတွေး အခေါ်နဲ့ပဲ ရန်သူလို ဆက်ဆံတယ် ”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သတင်းသမားတွေကို ဒေါ်လာစားတွေ၊ စစ်တပ်ကို ဘယ်တော့မှ အကောင်းမရေးဘူး၊ တိုင်းပြည်ဖျက်မယ့်သူတွေလို့ စွပ်စွဲပြီး ဆက်ဆံတာကို ကြုံခဲ့ရတယ်လို့ ကိုအောင်ကျော်က ပြောပါတယ်။
ဒီလိုဖိနှိပ်မှုတွေကြောင့် သတင်းသမားတွေ တိုင်းပြည်ပြင်ပ ဘေးလွတ်ရာကို ထွက်ပြေး နေကြတာဟာ သတင်းလောကအတွက် လူ့စွမ်းအားအရင်းမြစ်တွေ ဆုံးရှုံးမှုပဲလို့ Delta News Agency အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။
“သတင်းသမားတွေ၊ အယ်ဒီတာတွေက သူတို့ရဲ့ရပ်တည်ရေးအတွက်၊ လုံခြုံရေးအတွက် ခက်ခဲတဲ့ အခါမျိုးမှာ ဒီနိုင်ငံကို ပစ်ချထားခဲ့ပြီးတော့ တတိယနိုင်ငံကိုရောက်အောင် သွားနေကြတယ်။ ဒါက ကျနော် သူတို့ကို အပြစ်ပြောတာ မဟုတ်ဘူး။ ဒါက လက်ရှိ အခြေအနေအရ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ သတင်းလောကမှာ လူ့စွမ်းအား အရင်းအမြစ်တွေက တဖြည်းဖြည်းနဲ့ ပျောက်ဆုံးကုန်တယ်။ အဲဒီတော့ အတွေ့အကြုံ ရှိတဲ့သူတွေက သူတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ဒီသတင်းလောကမှာ ဆက်ပြီးတော့ ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ သတင်းလောကက လုံးဝကို မိုင်းနပ်စ်(အနုတ်) ဖြစ်သွားတယ်"
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သတင်းယူနေတုန်း သေဆုံးရတဲ့ သတင်းသမားက သုံးဦး ရှိပါတယ်။
အလွတ်ဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အသံတိတ်ဆန္ဒပြပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေချိန် ရန်ကုန်မြို့မှာ အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။
ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့ လေးကေ့ကော်ဒေသတိုက်ပွဲကို သတင်းရယူ နေချိန် စစ်တပ်ရဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနရဲ့ ဝါရင့် သတင်းထောက် Pu Tui Dim ကတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က မတူပီမြို့နယ် မတူပီ - ဟားခါး လမ်းဘေးက ကျေးရွာတစ်ရွာအနီးမှာ ဒေသခံ ၁၀ ဦးနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က မတ်လ ၂၄ ရက်နေ့က ထုတ်ပြန် တောင်းဆိုခဲ့ပြီး သတင်းသမား တွေကို ဖမ်းဆီး ထောင်ချတဲ့အထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်လာကြောင်း ထောက်ပြဝေဖန်ထားပါတယ်။