ကချင်ဒေသ မြေရှားသတ္တုတူးဖော်ရေး သဘာဝပတ်ဝန်းကျင် ထိခိုက်လာ

2022.03.03
ကချင်ဒေသ မြေရှားသတ္တုတူးဖော်ရေး သဘာဝပတ်ဝန်းကျင် ထိခိုက်လာ ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ မတ် ၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးထားတဲ့ ခေတ်မီလျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်တဲ့ Rare Earth ခေါ် မြေရှားသတ္တုကို ကချင်ပြည်နယ် အထူးဒေသတွေမှာ စည်းကမ်းမဲ့ တူးဖော်နေ တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ အခြေအနေ ပိုဆိုးလာပြီး တူးဖော်ရရှိတဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချနေတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မေလကနေ ၂၀၂၁ အောက်တိုဘာလအထိ ငါးနှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တု တန်ချိန်တစ်သိန်းလေးသောင်းကျော် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိတယ်လို့ တရုတ်နိုင်ငံ အခွန်စီမံခန့်ခွဲရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဆယ်လူလာဖုန်း၊ ကွန်ပျူတာ Hard Disk၊ လျှပ်စစ်ကား၊ ကွန်ပျူတာမော်နီတာနဲ့ TV-ဖန်သားပြင်လို လူသုံးများတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေမှာ အဓိကအသုံးပြုပါတယ်။

"ဒီမြေရှားသတ္တု တူးတဲ့ပတ်ဝန်းကျင်မှာ နေတဲ့လူတွေက သဘာဝရေကိုပဲ အားကိုးပြီးမှ သောက်သုံးနေရတာရှိတာပေါ့"

ဒီလိုထူးခြားပြီး ရှားပါးတဲ့မြေရှားသတ္တုကို ကချင်ပြည်နယ် အထူးဒေသတချို့မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက စတင်တူးဖော်ခဲ့ပြီး အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စည်းကမ်းမဲ့တူးဖော်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်အထူးဒေသ (၁) လို့ လူသိများတဲ့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ ဆိုရင် စစ်ကောင်စီခန့် အာဏာပိုင်တွေ၊ သူတို့နဲ့ အကျိုးတူစီးပွားဖက်တွေဖြစ်ကြတဲ့ ပန်ဝါပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းကို ချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

ချီဖွေမြို့နယ် ပန်ဝါဒေသထဲကို မြေရှားသတ္တု တူးဖော်ဖို့ဝင်လာသူတွေဟာ တစ်နေ့ကို အယောက် ၁၀၀ နှုန်းလောက်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ကောင်စီလက်ထက်ဆိုတော့ သယံဇာတဝန်ကြီးကလည်း သူတို့လူဆိုတော့ သူတို့အတွက် အခွင့်အရေး အများကြီးပေါ့။ အရင်တုန်းကထက် အဆပေါင်းများစွာ သူတို့လုပ်ရှားမှု လုပ်ကိုင်မှုပိုပြီးတော့ ရှိတာပေါ့။ အာဏာသိမ်းပြီးတဲ့နောက် လူက ပိုများလာတယ်၊ တစ်ရက်တစ်ရက်မှာ ရာချီတက်လာကြတယ်။ အောက်ပိုင်းကလူတွေ တစ်ရက်မှာ ဒီမြို့ဝင်ဂိတ်မှာ သူတို့ ဆေးစစ်တာပေါ့။ တစ်ယောက်ကို တစ်သောင်း ကောက်တာ အနည်းဆုံး တစ်ရက်မှာ ၁၀ သိန်းကျော်ဝင်တယ်။ အဲဒီပိုက်ဆံအားလုံး ၇၅ ရာခိုင်နှုန်းက ဒီမြေရှားသတ္တုမှာ အလုပ်သွားလုပ်မယ့်သူတွေဆီက ရတဲ့ပိုက်ဆံပဲ။ အခုဝင်သွားတဲ့သူတွေက ကျွန်တော် ခန့်မှန်းကြည့်သလောက် အခုမိုးကုန်ပြီး ဆောင်း ပြန်ဝင်တဲ့ ဒီဘက်ပိုင်းမှာပေါ့ လူထောင်ချီဝင်လာတာ သောင်းဂဏန်းလောက်ရှိသွားပြီ”

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်ချိန် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ အကြား နယ်စပ်ဒေသကို ယာယီပိတ်ထားခဲ့ပေမယ့် ၂၀၂၁ နိုဝင်ဘာလကစလို့ ပြန်ဖွင့်ပေး ခဲ့ပါတယ်။

အဲဒီလို ပြန်ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် နယ်စပ်မှာပိတ်မိနေတဲ့ မြန်မာနိုင်ငံက တူးဖော် ထားတဲ့ မြေရှားသတ္တု တန်ချိန်သုံးထောင်ကျော်၊ လေးထောင်လောက်ကို တရုတ်နိုင်ငံ ကျန်ဇီ (Jiangxi) ပြည်နယ်ဆီ ကုန်ကားတွေနဲ့ သယ်ယူခဲ့တယ်လို့ ကျန်ဇီ (Jiangxi) ပြည်နယ် ဂွမ်ဇူး (Ganzhou) မြို့ အခြေစိုက် တရုတ်အစိုးရပိုင် မြေရှားသတ္တု တူးဖော်ရေး ကုမ္ပဏီမန်နေဂျာတစ်ဦးက ပြောဆိုကြောင်း ၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၂ ရက် Global Times သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မြေရှားသတ္တု ပမာဏတန်ချိန် ၂၄၀,၀၀၀ ထွက်ရှိပြီး အဲဒီအထဲမှာ တရုတ်က တန်ချိန် ၁၄၀,၀၀၀ နဲ့ ပထမ၊ အမေရိကန်က တန်ချိန် ၃၈,၀၀၀ နဲ့ ဒုတိယ၊ မြန်မာနိုင်ငံက တန်ချိန် ၃၀,၀၀၀ နဲ့ တတိယ အများဆုံးဖြစ် ပါတယ်။

တရုတ်ဟာ ကမ္ဘာမှာ မြေရှားသတ္တု အများဆုံးထွက်တဲ့ နိုင်ငံဖြစ်ပေမယ့် ခေတ်မီလျှပ်စစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ နောက်ထပ်လိုအပ်နေတဲ့ မြေရှားသတ္တုတွေကို အိမ်နီးချင်း မြန်မာနိုင်ငံကနေ ဈေးပေါပေါနဲ့ ဝယ်ယူနေတာဖြစ်ပါတယ်။

အခုတော့ ကချင်ဒေသမှာ မြေရှားသတ္တု စည်းကမ်းမဲ့တူးဖော်မှုကြောင့် တောတောင်တွေ ပျက်စီးကုန်ပြီလို့ ပန်ဝါဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“အဓိက လုပ်ငန်းရှင်တွေက တရုတ်တွေပဲ။ ဒီဘက်ကအဖွဲ့အစည်းတွေကတော့ သူတို့ခြံပိုင်ရှင်တွေနဲ့ သူတို့မြေနေရာအတွက် စီမံပေးတာတစ်ခုလောက်ပဲပေါ့။ တောင်တွေပြုန်းတာပဲလေ၊ လုပ်ပြီဆိုတော့ အပြောင်ရှင်းရတာ၊ အပြောင်ရှင်းပြီးမှ အဲမှာကျင်းတူး၊ ကျင်းတူးပြီးမှ အပေါက်ဖောက်ပြီးမှ အဲဒီထဲမှာ ဓာတုဖျော်ထားတဲ့ အရည်တွေက အဲမှာပြန်လောင်းထည့်တယ် ဆိုတော့ တချို့ဆိုက်တွေက သိမ်းပြီလေ၊ သိမ်းတော့ တချို့လူတွေက ပြုပြင်ထိန်းသိမ်းတာ မရှိဘူး ဆိုတော့ မြေပြိုတာတွေ ရှိတယ်”

တရုတ်၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေရဲ့ လျှပ်စစ်ကားနဲ့ လေရဟတ်တာဘိုင်တွေ ထုတ်လုပ်မှုအားကောင်းလာတာ၊ နိုင်ငံတကာ ဝယ်လိုအားကြီးထွားလာတာတွေက မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်မှုနဲ့ ဆက်စပ်နေတယ်လို့ Justice for Myanmar အဖွဲ့က မရတနာမောင်က RFA ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားပါတယ်။

၂၀၁၇ မေလကနေ ၂၀၂၁ အောက်တိုဘာလအထိ မြန်မာနိုင်ငံ မြေရှားသတ္တု ထုတ်လုပ်တဲ့ ပမာဏအပေါ် အခြေခံပြီး တွက်ချက်ကြည့်တဲ့အခါ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းပမာဏ ဟာ တန်ချိန် ၂၈၄ သန်း၊ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း (Radioactive Waste) တန်ချိန် ၁၄ သန်းရှိတယ်လို့ The Harvard International Review က ထုတ်ပြန်ထားပါတယ်။

rare-earth.jpg
(ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ မတ် ၃ ရက်နေ့က တွေ့ရစဉ်) Photo: CJ

မြေရှားသတ္တု တူးဖော်ရာမှာ Oxalic acid, Ammonium bi-carbonate စတဲ့ အားပြင်း ဓာတုပစ္စည်း ငါးမျိုးလောက်ကို သုံးရတယ်လို့ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။ သတ္တုတူးဖော်တဲ့အနီးမှာ ရေမသန့်တဲ့အတွက် သောက်ရေကို အဝေးကနေ သွယ်ယူသောက်သုံးခဲ့ရတယ်လို့ အဲဒီအလုပ်သမားက ပြောပါတယ်။

“အစပိုင်းက မြေဆီရှိ၊ မရှိ အရင်ရှာပြီး သတ္တုတူးစမ်းကြည့်တာ၊ တူးစမ်းကြည့်ပြီးမှ မြေဆီရှိတယ်ဆိုရင် အဲဒီမှာ ကျင်းထောင်းတယ်၊ အပေါ်ကျင်းထောင်းပြီးမှ ပိုက်တွေ ပြန်ဆက်တာ၊ ပိုက်ဆက်ပြီး မြေစာထည့်ပြီးမှ လုပ်တာ၊ ဆိုက်ထဲမှာမြေစာ ငါးရက် တစ်ကြိမ်၊ ၁၀ ရက်တစ်ကြိမ် သတ္တုအရင်ကော်ယူ၊ ကော်ယူပြီးမှ အရင်မီးဖုတ်ကြ တယ်ပေါ့။ မီးဖုတ်ပြီးမှ တရုတ်ပြည်ကို ပြန်ယူသွားတာပဲ။ လောပန်းတွေက ဒီဘက်မှာက တာဝန်ခံလောပန်းပဲရှိတယ်။ လောပန်းတွေက ပြည်ကြီး (တရုတ်ပြည်) မှာပဲရှိတယ် ပြောတယ်။ ရေသောက်တဲ့နေရာက အလုပ်ဆိုက်နဲ့ တအားဝေးတဲ့နေရာက ယူရတယ်။ ရေကဆိုက်ထဲကနီးတဲ့ ရေတွေက သောက်လို့မရဘူးလို့ ပြောတယ်။ တရုတ်တွေက သောက်လို့မရဘူးဆိုတာ ဘေးပတ်ဝန်းကျင်မှာ သူတို့ မြေစာထည့်ထားတယ် အဲဒါ ကြောင့် မသောက်ခိုင်းဘူး”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှအစ်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနဲ့ ချီဖွေမြို့ အခြေစိုက် ဘဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ လောင်ဗျစ်ခေါင်အဖွဲ့တို့က မြေရှားသတ္တု တူးဖော်တဲ့နေရာအနီးတစ်ဝိုက်က သောက်သုံးရေတွေကို ဓာတ်ခွဲစမ်းသပ် ကြည့်ရာမှာ ဓာတုအဆိပ်ဓာတ်တွေ ပါဝင်နေကြောင်း၊ သောက်သုံးဖို့ မသင့်ကြောင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းစာရှင်းပွဲလုပ်ပြီး ပြောခဲ့ဖူးပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေ အရ မြန်မာမျိုးကိုကိုဆေးကုသမှုနှင့်ဆိုင်သော ကုမ္ပဏီကို မြေရှားသတ္တု တူးဖော်ဖို့အတွက် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ထဲမှာ လုပ်ကွက် ၁၁ ခု (မြေ ၂၈၁ ဧက) ချထားပေးပြီး အဲဒီအကျယ်အဝန်းဟာ ဘောလုံးကွင်း ၁၅၉ ကွင်းစာနဲ့ ညီမျှတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိသတ္တုတူးဖော်မှု အခြေအနေနဲ့ သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှု အခြေအနေ သိနိုင်ဖို့အတွက် မြန်မာမျိုးကိုကိုကုမ္ပဏီကို RFA က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်း ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ဦးစီးမှူးကို RFA က ပြီးခဲ့တဲ့သီတင်းပတ်က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

kachin-rare-earth.jpg
(ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ မတ် ၃ ရက်နေ့က တွေ့ရစဉ်) Photo: CJ

ဒေသခံလူထု နေ့စဉ်သုံးစွဲနေတဲ့ သောက်သုံးရေတွေထဲ ဓာတုပစ္စည်း စိမ့်ဝင်တာမျိုးတွေကို မြင်တွေ့နေရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

“ဆိုးကျိုးကတော့ မြေရှားသတ္တု တူးတယ်ဆိုတာက တစ်တောင်လုံးကို အက်စစ်လောင်း ထည့်ရတာပဲလေ။ အက်စစ်လောင်းထည့်ပြီးမှ တောင်အောက်မှာ ထွက်လာတဲ့ အရည် ကိုခံယူရတာကိုး၊ ဒီအရည်ဆိုတာက တူးမယ့်လူတွေကျတော့ အကုန်လုံးစစ်ထုတ်ယူ တာမှ မဟုတ်တာ။ တောင်ထဲကို အကုန်လုံးစိမ့်ဝင်သွားပြီးမှ အဲဒီအရည်တွေက ရေကြောင်းနဲ့လိုက်ပြီးတော့မှ အနီးပတ်ဝန်းကျင်အကုန်လုံးကို စိမ့်ဝင်သွားတာပေါ့နော်။ အဲတော့ ဒီမြေရှားသတ္တု တူးတဲ့ပတ်ဝန်းကျင်မှာ နေတဲ့လူတွေက သဘာဝရေကိုပဲ အားကိုးပြီးမှ သောက်သုံးနေရတာရှိတာပေါ့။ အဲတော့ ဒီရေကနေတစ်ဆင့် ဒီသတ္တု ပစ္စည်းတွေက ဝင်သွားမှာပဲ”

မြေရှားသတ္တုတူးဖော်မှုက လူ့အသိုက်အဝန်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက် စေကြောင်း၊ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကောင်စီက အကြမ်းဖက် စစ်ဆင်ရေးအတွက် သတ္တုတူးဖော်ရေး အပါအဝင်နည်းမျိုးစုံသုံးပြီး ဘဏ္ဍာငွေရှာဖွေနေ တာကြောင့် ဒေသခံလူထုအတွက် အန္တရာယ်ပိုများလာနေကြောင်း Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။

မြေရှားသတ္တုတူးဖော်မှုဟာ အန္တရာယ်များလှတဲ့ လုပ်ငန်းဖြစ်တာမို့ တာဝန်မဲ့စွာ စည်းကမ်း မဲ့တူးဖော်ရင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ကြုံတွေ့ရလိမ့်မယ်လို့ Global Witness အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစည်းရုံးလှုံ့ဆော်ရေး အရာရှိ Hanna Hindstrom ကလည်း RFA ကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။