ကရင်နယ်ခြားစောင့်တပ် သီးခြားရပ်တည်ရေးပြင်ဆင်မှု လေ့လာသုံးသပ်သူများကြိုဆို
2024.01.25

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီထံကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ ပြင်ဆင်နေတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေစိုက်ထားတဲ့ ကရင်ပြည် နယ်ခြားစောင့်တပ် BGF မှာ တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး စစ်ကောင်စီက လစာနဲ့ စားနပ်ရိက္ခာ လစဉ်ပေးထားရတာပါ။
"ငြိမ်းချမ်းစွာတော်လှန်ပြီးတော့ သူ့ကရင်လူထုအတွက်ပဲ လုပ်ပါတော့မယ်ဆိုတာ ကောင်းတာပဲလေ"
BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကတော့ ကရင်လူမျိုးအချင်းချင်း မသတ်ဖြတ်ချင်တော့တာကြောင့် လစာနဲ့ ရိက္ခာမလိုချင်တော့တဲ့အကြောင်း စစ်ကောင်စီထံ စာတင်ထားတယ်လို့ RFA ကို မနေ့က ပြောပါတယ်။
“ကျွန်တော်တို့ ကရင်အချင်းချင်းပဲ သတ်ကြတာ၊ ဖြတ်ကြတာလည်း ဆက်ပြီးတော့ မလုပ်ချင်တဲ့အတွက် လက်အောက်ငယ်သားတွေ သဘောဆန္ဒအတိုင်း ကျွန်တော်တို့ ကရင်အချင်းချင်း မတိုက်ချင်တဲ့ ဆန္ဒ၊ အဲဒီ တပ်မတော်နဲ့ လက်တွဲရင်တော့ ကျွန်တော်တို့ ကရင်အချင်းချင်း ပြန်တိုက်ရမှာမို့လို့ တပ်မတော်ရဲ့ လစာ၊ ရိက္ခာကို လိုချင်တဲ့ဆန္ဒ မရှိတဲ့အကြောင်း စာတင်ထားတာ ရှိတာပေါ့နော်”
သီးခြားရပ်တည်ရေးအတွက် ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် တပ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို ပြန်တင်ပြမယ်လို့သာပြောဆိုပြီး ဆက်လက်ဆွေးနွေးရဦး မယ်လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ကို စစ်တပ်ရဲ့ လက်အောက်ကခွဲမထွက်ဖို့ မစည်းရုံးနိုင်တဲ့ BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်ပိုင်ဦးကိုတော့ စစ်ကောင်စီက ရာထူးကအနားပေးလိုက်တယ်လို့ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ် စောထွန်းလှိုင်ရဲ့ အင်တာဗျူးဖြေကြားချက်ကို ကရင်သတင်းအချက်အလက်ဌာန (KIC) က ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြပါတယ်။
စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို ငြိမ်းချမ်းစွာတော်လှန်လိုက်တာလို့ သုံးသပ်ပါတယ်။
"စစ်တပ်က လုပ်စရာအလုပ်က ကုန်နေပြီ။ ဒါကြောင့်မို့လို့ ဘာအဖြေမှ မပေးဘဲ ပြန်သွားရတာ။ တိုက်မယ်လည်း မပြောရဲဘူး။ ပေးမယ်လည်း မပြောရဲဘူး။ ဒါဟာ အင်မတန်ကောင်းတဲ့ အချက်ပါ။ စစ်တပ်ကို BGF တွေက စပြီးတော့ ငြိမ်းချမ်းစွာတော်လှန်တာပဲ။ ငြိမ်းချမ်းစွာတော်လှန်ပြီးတော့ သူ့ကရင်လူထုအတွက်ပဲ လုပ်ပါတော့မယ်ဆိုတာ ကောင်းတာပဲလေ"
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ရဲ့ အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွှန့်ကတော့ ကရင်နယ်ခြားစောင့်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူအတွက် အကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။
"သူပေးတဲ့ ဆန်ကိုစားရင် သူခိုင်းတဲ့အလုပ်ကို လုပ်ရမယ်ဆိုတာကလည်း ကျွန်တော်တို့ လူမှုအဖွဲ့အစည်းမှာ ရှိနေတဲ့ ကျင့်ဝတ်တစ်ခုပေါ့လေ။ နားလည်မှု လွယ်လွယ်လေးပြောမယ်ဆိုရင် ကိုယ့်ဟာကိုယ်ရပ်တည်မယ်၊ ကိုယ်လုပ်လိုတဲ့ ငြိမ်းချမ်းရေးအလုပ်ကို လုပ်တယ်ဆိုတာကတော့ ဘယ်လိုပဲပြောပြော ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေတဲ့ လမ်းစဉ်ကနေပြီးတော့ အများကြီး အကျိုးမရှိသည့်တိုင်အောင် ကိုယ်ဒေသအတွက်၊ ကိုယ့်ပြည်သူအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိနိုင်တယ်လို့ မှတ်ချက်ပေး ပြောချင်ပါတယ်"
နှစ်ပေါင်း ၇၀ ကျော်ရှိနေတဲ့ ပြည်တွင်းစစ် အပြီးသတ်ချုပ်ငြိမ်းဖို့အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေတိုင်းမှာ ဆန္ဒတွေရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
ကရင်နယ်ခြားစောင့်တပ်အနေနဲ့ သီးခြားရပ်တည်ဖို့ ပြင်ဆင်နေတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သဘောထားအမြင်ကိုသိရဖို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားအမြင်ကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဖုန်းစက်ပိတ်ထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က သီးခြားရပ်တည်ဖို့ ပြင်ဆင်လာတာဟာ စစ်ကောင်စီအတွက် ထိခိုက်မှုမရှိဘဲ နိုင်ငံရေးထွက်ပေါက်ရတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အဲတော့ ထိုးစစ်မှာတော့ တပ်ကိုမပေါင်းဘူး။မပါဘူး။ ဒါကြောင့် သူ့ရွှေကုက္ကိုကိုလည်း မဖျက်ဘူး။ တစ်ပိုင်းကတော့ အဲဒီနားတစ်ဝိုက်မှာ သူနေတဲ့အနားတစ်ဝိုက်မှာတော့ လုံခြုံမှုကိုတော့ သူလုံး၀တာဝန်ယူသွားမယ့် သဘောတော့ရှိတာပေါ့။ ဒါကိုတော့ ဒီဘက် (စစ်ကောင်စီ) ကလည်း အမြတ်ထုတ်နိုင်တယ်ဟေ့ ဆိုရင်တော့ လိမ္မာပါးနပ်ရာရောက်တာပေါ့။ ခြုံပြောရမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရကို အရမ်းကြီး ထိခိုက်သွားစရာ အကြောင်းမရှိဘူး။ အခုသူဒီလိုလုပ်လိုက်တာကလည်း အစိုးရအနေနဲ့ တစ်ဖက်က နိုင်ငံရေးထွက်ပေါက်တောင် ရသွားသေးတယ်လို့ ကျွန်တော် မြင်တယ်”
ကရင်နယ်ခြားစောင့်တပ်အနေနဲ့ကတော့ သူ့တပ်ရဲ့ရိက္ခာနဲ့ ရပ်တည်ရေးအတွက် ရွှေကုက္ကိုဒေသကို အခိုင်အမာ ကာကွယ်မယ့် သဘောရှိတယ်လို့ သူက သုံးသပ်ပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့အနီး စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေချုပ်ကိုင်ထားတဲ့ ရွှေက္ကိုမြို့ဟာ ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အများစုရှိတဲ့နေရာဖြစ်ပြီး မြန်မာနဲ့ နယ်စပ်အိမ်နီးချင်း ထိုင်းနိုင်ငံတို့ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း ရှိနေပါတယ်။
ရွှေကုက္ကိုမြို့အနီးမှာ ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းကလည်း နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး BGF စခန်းငါးခုကို KNLA က သိမ်းယူခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ရွှေကုက္ကိုမြို့အနီး ရွာတွေက ဒေသခံ တစ်သောင်းကျော်ဟာလည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အနေနဲ့ သီးခြားရပ်တည်ဖို့ ပြင်ဆင်လာတာဟာ ဆက်လက်ရပ်တည်ရေးအတွက် နှစ်ဖက်ခွတဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီနဲ့တော့ သူခွဲပြီး ဒါကြောင့် သူ့တာဝန်ဟာ နယ်ခြားစောင့်တပ်တာဝန်ကို ဆက်ယူထားမယ်ဆိုတဲ့ အနေအထားက သူရဲ့ ရွှေကုက္ကိုဒေသမှာရှိတဲ့ အနေအထားတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ကြိုးပမ်းတဲ့ လုပ်ဆောင်မှုဖြစ်တယ်။ ဒါပေမဲ့ ဒီအတိုင်းရေရှည်ရပ်တည်လို့ ရမှာမဟုတ်ဘူး။ သူ့အနေနဲ့ တစ်ဖက်ဖက်ကိုတော့ ရပ်ရမှာ။ အဲတော့ စစ်ကောင်စီ အခြေအနေမကောင်းလို့ရှိရင် KNU နဲ့ ပူးပေါင်းမယ်။ စစ်ကောင်စီ အခြေအနေကောင်းရင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ နယ်ခြားစောင့်တပ်အနေနဲ့ ဆက်လက်ပြီး ရှင်သန်ရပ်တည်မယ်ဆိုတဲ့ ခွထိုင်တဲ့အနေအထားပြီးနဲ့ သူတို့ ရပ်တည်နေတာဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”
စစ်ကောင်စီဟာ စစ်ရေးအရ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားတပ်တွေ အခုလို ဘက်ပြောင်းမှုတွေ ဆက်လက်ဖြစ်လာနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လကုန်ပိုင်းကလည်း မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်တစ်ခုအဖြစ် ဆယ်စုနှစ် တစ်စုထက် မနည်းရှိခဲ့တဲ့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) ရဲ့ တပ်ရင်းနှစ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာလည်း အတည်ပြုဖော်ပြခဲ့ပါတယ်။
ဝီကီပီဒီးယားရဲ့ နောက်ဆုံးဖော်ပြချက်ရ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အင်အား နှစ်သောင်းခန့် (၁၈၉၉၈) ရှိနေပြီး ကရင်နယ်ခြားစောင့်တပ် အင်အား ရှစ်ထောင်ခန့်၊ ကယားနယ်ခြားစောင့်တပ် အင်အား လေးထောင်ခန့်၊ ကချင်နယ်ခြားစောင့်တပ် (KDA+NKA) အင်အား ၂၀၀၀ ခန့်နဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အင်အား တစ်ထောင်ခန့်ရှိနေပါတယ်။