ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေ မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ပါချီးရွာအနီးက ကားလမ်းပေါ်တွင် ကတုတ်ကျင်းတစ်ခုကို ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေ မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ညနေက ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညပိုင်းမှာ တပ်မတော်က အင်အားတိုးချဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ကူရယူပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေ ယာယီအခြေပြုထားတဲ့နေရာကနေ အနည်းငယ် နောက်ဆုတ်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ဟာ ညဖက်ပိုင်းဖြစ်နေတာကြောင့် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရကြောင်း ညီနောင်မဟာမိတ်အဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို တပ်မတော်က သံချပ်ကာယာဉ်တွေနဲ့ စစ်အင်အားတွေကို တိုးချဲ့ပို့ဆောင်နေတာကြောင့် မလွှဲမရှောင်သာ ခုခံကာကွယ်တာတွေကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေး ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် မရခဲ့ပါဘူး။

မနေ့ညက လားရှိုးမြို့နယ် ကုန်းဆာရွာအနီး တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၁၆၀ ကျော်ကို အရပ်ဖက် လူမှုအဖွဲ့တွေက ကယ်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ကွတ်ခိုင်မြို့နယ်မှာ သြဂုတ်လ ၁၅ ရက်နေ့ကကတည်းက ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၈ ယောက်ကိုလည်း တပ်မတော်က ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ပြီး ရန်ကုန်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ဖွဲ့နဲ့ အစိုးရတပ်မတော် တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ဒေသခံ ၃၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org