လောက်ကိုင်မှာ ကုန်ဈေးနှုန်းအဆမတန်တက်နေလို့ ပိတ်မိနေသူတွေ အခက်အခဲဖြစ်

ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.11.21
လောက်ကိုင်မှာ ကုန်ဈေးနှုန်းအဆမတန်တက်နေလို့ ပိတ်မိနေသူတွေ အခက်အခဲဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ ဒေသခံများအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
KokangNews

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က မြို့ထဲ ဝင်ထွက်သွားလာခွင့်မပေးဘဲ ပိတ်ထားလို့ လောက်ကိုင်မြို့မှာ ရောက်နေသူတွေ သောင်းနဲ့ချီ ပိတ်မိနေပါတယ်။

ဒီလိုပိတ်မိနေလို့ အခြေခံစားသောက်ကုန်တွေလည်း အဆမတန် ဈေးတက်နေတဲ့အပြင် ဝယ်လို့မရတဲ့အထိပါဖြစ်နေတယ်လို့ လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေက ပြောပါတယ်။

"ဆန်တွေက ဝယ်လို့လည်း မရတော့ဘူး။ အခုက ပိုက်ဆံရှိရင်တောင် ထမင်းမစားရဘူးဖြစ်နေတာ။ ဟိုနေ့ကလည်း အလုပ်အရှေ့က အမှိုက်တောင်းမှာ ပစ်ထားတဲ့ထမင်းတွေ လာယူနေတာ ထမင်းမစားရတာကြာပြီတဲ့ စိတ်တောင်မကောင်းဘူး" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့တွင်း ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။

ဆန်တွေ ပြတ်လပ်နေတဲ့အပြင် ခေါက်ဆွဲခြောက်၊ ပေါင်မုန့်နဲ့ ကိတ်မုန့်လို စားသောက်ကုန်တွေလည်း ဝယ်လို့ မရတော့ဘူးလို့ ပြောပါတယ်။

"ဟိုနေ့ကလည်း အလုပ်အရှေ့က အမှိုက်တောင်းမှာ ပစ်ထားတဲ့ထမင်းတွေ လာယူနေတာ ထမင်းမစားရတာကြာပြီတဲ့ စိတ်တောင်မကောင်းဘူး"

ပစ္စည်းလက်ကျန်ရှိလို့ ရောင်းပေးတဲ့ နေရာတချို့မှာလည်း ဆန်တစ်ပြည်ကို လေးသောင်း၊ ကြက်ဥတစ်လုံး လေးထောင်ကျော် ပေးရတဲ့အပြင် ဝယ်သူများနေတဲ့အတွက် အများစုက ဝယ်မရဘူးလို့ ဆိုပါတယ်။

ထမင်းဆိုင်တွေမှာလည်း အရင်က ကျပ် ၂၅၀၀ နီးပါးနဲ့ ညီမျှတဲ့ တရုတ်ငွေ ငါးယွမ်နဲ့ ရောင်းတဲ့ ထမင်းတစ်ဘူးကို လက်ရှိအချိန်မှာ မြန်မာငွေ တစ်သောင်းနီးပါး (ယွမ် ၂၀) ပေးရတယ်လို့ လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ မနန္ဒာဝင်းက ပြောပါတယ်။

လမ်းတွေ ပုံမှန်အတိုင်းပြန်မပွင့်ဘူးဆိုရင် ငတ်ပြီးသေသွားနိုင်တဲ့အထိဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

"ဘယ်လိုဆက်ပြီးနေလို့ရတော့မှာလဲ...။ လောက်ကိုင်မှာ လမ်းမပွင့်ဘူးဆိုရင် ဒီကလူတွေ ငတ်ပြီးသေသွားမှာ။ တရုတ်ပြည်ကလည်း ဘာစားသောက်ကုန်မှ မဝင်ဘူး။ ညီမတို့ဆီမှာ မီးလဲ မရဘူး။ ဖုန်းလိုင်းလဲ မရဘူး၊ အခုတောင် မီးစက်နှိုးထားတဲ့ဆီမှာ ဝိုင်ဖိုင်နဲ့ လာသုံးနေရတာ"

နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး လောက်ကိုင်မြို့မှာ လျှပ်စစ်မီးမရဘဲ ကိုယ်ပိုင်မီးစက်တွေနဲ့ သုံးနေရတာလို့ ဆိုပါတယ်။ ဒီလို အခြေခံစားသောက်ကုန်တွေ ပြတ်တောက်ပြီး ဈေးအဆမတန်တက်နေလို့ အခြေခံလူတန်းစားတွေထဲက ထမင်းမစားရသူတွေလည်း အများအပြားရှိနေပါတယ်။

လောက်ကိုင်မြို့ဟာ တရုတ်နိုင်ငံနယ်စပ်မှာရှိနေတဲ့မြို့ ဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့က တရုတ်နိုင်ငံကနေ ဆန်ဝယ်ပြီး ပြန်ရောင်းပေးတာရှိပေမဲ့ လိုအပ်သလောက် မရောင်းနိုင်ဘူးလို့ ဆိုပါတယ်။

အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီဈေးတွေလည်း အဆမတန်ဈေးတက်နေပါတယ်။ ဓာတ်ဆီတစ်လီတာကို မြန်မာကျပ်ငွေ ရှစ်သောင်းကျော်အထိ ပေးဝယ်နေရတယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် လောက်ကိုင်မြို့ကို ရောက်နေသူတွေနဲ့ ဒေသခံတွေက တခြားမြို့တွေကို ပြောင်းရွှေ့ဖို့ ကြိုးစားနေကြပါတယ်။

လောက်ကိုင်ဒေသခံများ ခိုလှုံနေထိုင်နေကြသည့် တရုတ်-မြန်မာ နယ်စပ်စည်းမျဉ်းအမှတ် BP-125 ရှိ စစ်ဘေးဒုက္ခသည်စခန်းမြင်ကွင်း။ (Photo: KoKang News)
လောက်ကိုင်ဒေသခံများ ခိုလှုံနေထိုင်နေကြသည့် တရုတ်-မြန်မာ နယ်စပ်စည်းမျဉ်းအမှတ် BP-125 ရှိ စစ်ဘေးဒုက္ခသည်စခန်းမြင်ကွင်း။ (Photo: KoKang News)

လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ စစ်ရေးတင်းမာနေလို့ နှစ်ဖက်လုံးက လမ်းတွေ ပိတ်ထားပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့မနက်ကတော့ လောက်ကိုင်ကနေ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်တစ်မြို့နယ်ဘက်ကို သွားတဲ့ လမ်းပွင့်ခဲ့လို့ တချို့ထွက်ခွာခွင့်ရခဲ့ပေမဲ့ နာရီအနည်းငယ်အကြာမှာပဲ ပြန်ပိတ်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

"နမ့်တစ်ဘက်ကို သွားလို့ရတယ်လို့ ပြောတယ်။ ကားလေးတွေရော၊ ကားသေးတွေရောသွားကြတယ်၊ ထွက်တဲ့သူတွေက ပိုက်ဆံရှိတဲ့သူတွေပဲ ပိုက်ဆံမရှိတဲ့သူတွေက လမ်းလျှောက်ပြီး ထွက်တဲ့သူတွေလဲ ရှိတယ်။ ကိုယ်တိုင်သွားကြည့်ပြီး ထွက်လို့ရတာ သေချာလို့ အထုတ်ပြန်ယူပြီးထွက်ဖို့ လုပ်တော့ လမ်းက ပြန်ပိတ်သွားလို့ အခုမြို့ထဲကို ပြန်ရောက်နေတယ်"

ဒါပေမဲ့ လမ်းပြန်ပွင့်သွားမယ်ဆိုရင်တောင် စက်သုံးဆီဈေးက အဆမတန်တက်နေတာကြောင့် အခြေခံလူတန်းစားတွေ တခြားမြို့တွေကို သွားဖို့ မလွယ်ကူဘူးလို့ ပိတ်မိနေသူတွေက ပြောပါတယ်။

လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေ စားသောက်ရေးအခက်အခဲဖြစ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ကိုးကန့်တပ်မတော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က အောက်တိုဘာ ၂၇ ရက်နေ့က စပြီး "၁၀၂၇ စစ်ဆင်ရေး" အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတာပါ။

တရုတ်-မြန်မာ နယ်စပ်စည်းမျဉ်းအမှတ် BP-125 ရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသည့် လောက်ကိုင်မြို့မှ ဒေသခံများ။ (Photo: KoKang News)
တရုတ်-မြန်မာ နယ်စပ်စည်းမျဉ်းအမှတ် BP-125 ရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသည့် လောက်ကိုင်မြို့မှ ဒေသခံများ။ (Photo: KoKang News)

လောက်ကိုင်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ MNDAA က ကြေညာထားပါတယ်။ လောက်ကိုင်မြို့က ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာတွေမှာမနေကြဖို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။

"ကျွန်တော်တို့လည်း လောက်ကိုင်မြို့မှာပိတ်မိနေသူတွေ ဘယ်လိုနေရမယ်ဆိုတာ ထုတ်ပြန်ချက်လည်း နှစ်ခုထုတ်ထားပြီးဖြစ်ပါတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာတွေမှာ မနေကြဖို့ ပြောထားပါတယ်"

ညီနောင်မဟာမိတ်သုံးဖွဲ့က တပ်ဖွဲ့ဝင်တွေ လောက်ကိုင်မြို့ကို ဝိုင်းထားပြီး ဖြစ်တယ်လို့လည်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။ လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေ စားသောက်ရေး အခက်အခဲဖြစ်နေတာကိုတော့ MNDAA က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

လောက်ကိုင်မြို့ပေါ်ကဒေသခံ သုံးသောင်းကျော်ဟာလည်း တရုတ်-မြန်မာနယ်စပ်မျဉ်း အမှတ် BP- 125 အနီးက ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။