လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဝေဖန်မှုများ
ကျောက်တန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘယ်သူမှအပြစ်မရှိတဲ့ပုံစံ ရေးသားထားတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တွေက ယူဆနေကြပါတယ်။
-
2019-06-13 -
-
-
Your browser doesn’t support HTML5 audio
ကျောက်တန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘယ်သူမှအပြစ်မရှိတဲ့ပုံစံ ရေးသားထားတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တွေက ယူဆသလို ရခိုင်ပါတီ ANP ပါတီကလည်း အစီရင်ခံစာဟာ မပြည့်မစုံဖြစ်နေတာမို့ စိတ်ထဲဘဝင်မကျဘူးလို့ပြောပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~
လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဝေဖန်မှုများ
(တင်အောင်ခိုင်)
ကျောက်တန်းရွာပစ်ခတ်မှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံမှာ ဘယ်လိုတင်ပြသလဲဆိုတာ မသိရသေးဘဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်စာနဲ့ မီဒီယာတွေကို ပြောဆိုချက်တွေကိုသာ ကြားသိရပြီး မပြည့်မစုံဖြစ်နေတယ်လို့ စိတ်ထဲမှာ ခံစားရတယ်လို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
“အားမလိုအားမရဆိုတာက ဘယ်သူက ပြစ်မှုကျုးလွန်တယ်ဆိုတာကို ဖော်ပြတဲ့အခြေအနေ မရှိဘူးလို့ ကျနော်ယူဆတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်လည်း ဘယ်လောက်အတိုင်းအတာအထိရှိတယ်ဆိုတာလည်း မသိဖြစ်နေပါတယ်”
ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှပြောသွားတာပါ။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ဒီအမှုမှာ ပစ်ခတ်သူတွေကို ပထမဆုံးဖော်ထုတ်ဖို့ လိုတယ်လို့ ပြောပါတယ်။
“ပစ်ခတ်တဲ့သူတွေ ပီပီပြင်ပြင်ဖြစ်အောင်တော့ ဖော်ထုတ်ပေးဖို့ လိုပါတယ်။ အခုဟာက စိတ်မနှံ့တဲ့ရွာသားတဦးက ထအော်တဲ့အတွက် ပစ်တာပါလို့ပြောတော့ တဖက်က ဝန်ခံသလိုနဲ့ ပြန်ပြီးတော့ ကာသွားတာပေါ့။ အမြင်လွဲပြီး ပစ်တယ်ဆိုတဲ့ သဘောမျိုး ရည်ရွယ်ချက်မပါဘဲ ပစ်တယ်ဆိုတာမျိုး”
ဆက်လက်ပြီး အခုပြဿနာဖြစ်လာစေတာဟာ တရွာလုံးကို AA တပ်ဖွဲ့တွေဆိုတဲ့ သံသယနဲ့ ဖမ်းခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
“ရွာသားတွေက AA အမာခံတွေဆိုပြီး ဖမ်းဆီးထားတာကိုက အဲလိုဖြစ်ဖို့ အကြောင်းတွေ ပေါ်ပေါက်လာရတာပေါ့။ အမှန်ဆို အဲလောက်ထိ တရွာလုံးကို ဖမ်းစရာအကြောင်းမရှိပါဘူး။ မသင်္ကာသူတွေကို ခေါ်ပြီးစစ်ရင်လည်းရတာပေါ့။ အဲလိုမဟုတ်ပဲနဲ့ တရွာလုံးကြောက်အောင် ဒုက္ခရောက်အောင်၊ တရက်နှစ်ရက် ဖမ်းဆီးထားတဲ့အခါမှာ အဲလူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာရော အကုန်လုံးဒုက္ခရောက်ရတာပေါ့။ အဲလိုဖြစ်အောင်လုပ်တယ်ဆိုကတည်းက မှားနေပြီပေါ့။ ဘောင်ကျော်နေတယ်လို့ ကျနော်တို့ကပြောလိုပါတယ်။ နောက်ကော်မရှင်က အစီရင်ခံစာမှာ အထင်မှား ပစ်ရတဲ့ သဘောပြောလိုက်တော့ ဘယ်သူ့မှာမှ အပြစ်မရှိသလိုဖြစ်သွားတာပေါ့”
ဦးဖေသန်းပြောသွားတာပါ။
အခုလို တရွာလုံးကို ဖမ်းဆီးမှုတွေလိုမျိုးကနေ နောင်အလားတူ ဒီလိုပြဿနာမျိုးတွေ ဆက်ပြီးပေါ်လာနိုင်တယ်လို့ ပြောသွားပါတယ်။