ဖမ်းဆီးစစ်ဆေးနေချိန် သေဆုံးတယ်ဆိုတာတွေကို မစုံစမ်း မစစ်ဆေးလို့ မရပါ
2019.07.12

ရခိုင်ပြည်နယ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရသူတွေ သေဆုံးမှု များပြားလာတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစုံစမ်းတော့မယ်လို့ မနေ့က ကြေညာပါတယ်။
အခု ဖြစ်ပြီးခဲ့တဲ့ သေဆုံးမှုတွေထဲမှာ မသင်္ကာလို့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေချိန် (သို့) ပြန်လွှတ်ပေးပြီးချိန်မှာ သေဆုံးတာတွေ၊ ခြေလက်နဲ့ ကိုယ်တွေပေါ်မှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မြင်တွေ့ရတယ်လို့ မိသားစုတွေ ဒေသခံတွေက ပြောခဲ့ကြပါတယ်။ တချို့ကလည်း မသေခင်မှာ သူတို့ ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ ပြောသွားတာတွေ ရှိတယ် ဆိုပါတယ်။
ဒီလို သတင်းတွေအပြင် ညမထွက်ရ အမိန့် လပေါင်းများစွာ ထုတ်ပြန်ထားလို့ စားဝတ်နေရေး ကြပ်တည်းလာတာတွေ၊ တမြို့နဲ့တမြို့၊ တရွာနဲ့ တရွာ၊ ဆန်နဲ့ တခြားစားသောက်ကုန်တွေ မသယ်ရဆိုတဲ့ ပိတ်ပင်ကန့်သတ်ချက်ကြောင့် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်လာတာတွေဟာ ဒေသခံတွေအတွက် မကျေမချမ်း ဖြစ်စရာအကြောင်းတွေ ဖြစ်ပါတယ်။ မသင်္ကာရင် ဖမ်းပြီး နှိပ်စက်စစ်ဆေးတယ်ဆိုတဲ့ သတင်းတွေကလည်း ဒေသခံတွေကို တဖက်အင်အားစုဘက်ကို ပါသွားစေနိင်ပါတယ်။
စစ်ပွဲတပွဲမှာ ဒေသခံတွေရဲ့ ထောက်ခံမှုမရဘဲ အောင်ပွဲ မရနိုင်ပါဘူး။ စစ်အင်အား ပြည့်ဝကောင်းမွန်တာနဲ့ အနိုင်ရမယ်လို့ မပြောနိုင်ပါဘူး။ ဒေသခံတွေရဲ့ ပါဝင်ထောက်ခံမှုရှိမှ လိုအပ်တဲ့ အကူအညီ၊ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်အင်အား အကြီးမားဆုံးဖြစ်တဲ့ အမေရိကန်စစ်တပ်ကြီးတောင်မှ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ အီရတ် စတဲ့စစ်ပွဲတွေမှာ ပြတ်ပြတ်သတ်သတ် အောင်ပွဲမရခဲ့ပါဘူး။
ဒီလို အခြေအနေတွေကြောင့်မို့ အထိန်းသိမ်းခံထားရတုန်း သေဆုံးသူတွေရှိတယ် ဆိုတာ မစုံစမ်းဘဲ ထားလို့ ရနိုင်ပါမလား၊ အကျိုးဆက်တွေက ဘယ်လိုရှိလာမလဲ ဆိုတာတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်း သုံးသပ်တင်ပြထားပါတယ်။