မိတ္ထီလာနဲ့ ရမည်းသင်းက ပိတ်ထားတဲ့ ဗလီ ရှစ်လုံး ပြန်ဖွင့်ခွင့်ရရေး တောင်းဆို

မန္တလေးတိုင်းဒေသကြီးအတွင်းက မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ ပိတ်ထားရတဲ့ ဗလီ ရှစ်လုံးနဲ့ ဖျက်ဆီးခံထားရတဲ့ ဗလီ တစ်လုံးကို ပြန်ဖွင့်ပေးဖို့ အစ္စလာမ်ဘာသာဝင်တချို့က အစိုးရနဲ့ တပ်မတော်တို့ကို စာပေးပို့ တောင်းဆိုထားပါတယ်။

မိတ္ထီလာမြို့က သီရိမင်္ဂလာဗလီကို ၂၀၁၅ မေလကတွေ့ရစဉ် Photo: Reuters

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စပြီး မိတ္ထီလာမြို့နယ်အတွင်းမှာ ပိတ်ထားခဲ့ရတဲ့ ဗလီ ခုနှစ်လုံးနဲ့ ရမည်းသင်းမြို့မှာ တစ်လုံး ရှိကြောင်း၊ ၂၀၀၇ ခုနှစ်မှာ ရမည်းသင်းမြို့နယ်အတွင်းက ဗလီတစ်လုံး ဖျက်ဆီးခံထားရပြီး ဒီဗလီတွေကို ပြန်ဖွင့်ခွင့် ရဖို့ အစ္စလာမ်ဘာသာဝင်တချို့က နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ သာသနာရေးဝန်ကြီးဌာနတွေကို အခုလ ၁၄ ရက်နေ့က အမြန်အချောပို့နဲ့ စာပေးပို့ထားတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်မတိုင်ခင်က မိထ္ထီလာမြို့နယ်အတွင်းမှာ ဗလီ ၁၂ လုံးရှိခဲ့ပြီး ၂၀၁၃ ပဋိပက္ခမှာ ဗလီအားလုံးပိတ်ခံ ရပြီးနောက် အဲဒီနှစ်မှာပဲ ငါးလုံးကို ပြန်ဖွင့်ခွင့်ပြုခဲ့တာပါ။

မိတ္ထီလာမြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင် ၄ သောင်းကျော်ရှိပြီး ဝတ်ပြုကြသူဟာ ၅၀၀၀ လောက် ရှိတဲ့အတွက် ဗလီ ငါးလုံးနဲ့ မလုံလောက်ဘူးလို့ မိတ္ထီလာမြို့ခံဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“တနေ့ငါးကြိမ်ရှိတယ်။ မနက်၊ နေ့လယ်၊ ည အဲဒီအခါ ကျနော်တို့မှာ အခက်အခဲရှိတယ်။ လေး၊ ငါးထောင် တစ်နေ့ ဗလီ ငါးလုံးမပြောနဲ့ ဆယ်လုံးတောင် ကျပ်နေတာ။ တချို့ဗလီတွေဟာ နှစ်ကြိမ်ခွဲပြီးလုပ်ရတယ်။ အဲဒါ ဒုက္ခရောက်တော့တာပဲ။”

သူဟာ ပိတ်ထားခံရတဲ့ ဗလီနဲ့ အစ္စလာမ် အခြေခံဘာသာရေးကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့ အစိုးရနဲ့ တပ်မတော်ကို စာပေးပို့တောင်းဆိုရာမှာ ပါဝင်သူပါ။

သာသနာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက မိတ္ထီလာနဲ့ ရမည်းသင်းက ဒေသခံတွေ ပေးပို့တဲ့စာ သူ့ဆီ မရောက်သေးဘူးလို့ ဆိုပါတယ်။ ပိတ်ထားခံရတဲ့ ဗလီတွေနဲ့ ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနက လက်တလောဆောင်ရွက်ချက် ဘယ်လိုရှိလဲလို့ မေးကြည့်ရာမှာ ဦးအောင်ဆန်းဝင်း ပြောတာက

“ကျနော့်ဆီ စာမရောက်သေးတဲ့အတွက် ထင်မြင်ချက်ပေးလို့မရပါဘူး။ ကျနော်တို့ ဆောင်ရွက်မယ့်အရာတွေ ဆိုရင် ဝက်ဘ်ဆိုဒ်ကနေ သတင်းထုတ်ပြန်ပေးပါတယ်။”

၂၀၁၇ ခုနှစ်ကစပြီး မိတ္ထီလာမြို့တွင်းက မွတ်စလင်တွေနေထိုင်တဲ့ ရပ်ကွက်တိုင်းက အစ္စလာမ်ဘာသာရေး အခြေခံကျောင်းတွေကို ပိတ်ဖို့ အစိုးရကညွန်ကြားခဲ့တာဖြစ်ပြီး ဒီနေ့အထိ ပြန်ဖွင့်ခွင့်မရဘူးလို့ အစ္စလာမ် ဘာသာဝင်တွေက ဆိုပါတယ်။

ပိတ်ခဲ့ရတဲ့ကျောင်းတွေဟာ ၁၂ ကျောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။ အခြေခံဘာသာရေးကျောင်းတွေကနေ အစ္စလာမ်ဘာသာဝင်ကလေးငယ်တွေဟာ ဝတ်ပြုနည်း၊ ကျမ်းစာဖတ်နည်း၊ ဥပုဒ်စောင့်နည်း စတာတွေကို သင်ကြားတာလို့ ပြောပါတယ်။

အခုလ ၁၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ဂျွန်းဗလီ အခြေခံစာသင်ကျောင်းကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီနေ့က မန္တလေးတိုင်း အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က မန္တလေးတိုင်းအတွင်းက ပိတ်ထားတဲ့ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုခဲ့တာပါ။

လက်ရှိမှာတော့ အစိုးရနဲ့ တပ်ဘက်က ပိတ်ထားခံရတဲ့ ဗလီနဲ့ စာသင်ကျောင်းအရေအတွက် ဘယ်လောက် ရှိတယ်ဆိုတဲ့ စာရင်းကို တောင်းတာမရှိသေးဘူးလို့ ဒေါက်တာမောင်မောင်က ဆိုပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ဆိုရင် မိတ္ထီလာ၊ ရမည်းသင်း၊ ဝမ်းတွင်းနဲ့ မြင်းမူမြို့နယ်တွေမှာ ဗလီတွေ ပိတ်ထားတာတွေရှိနေတယ်လို့ သူက ပြောပါတယ်။ အရေအတွက် အတိအကျကို သူတို့အနေနဲ့လည်း စုဆောင်းတွက်ချက်နေဆဲပဲလို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြလိုက်တဲ့အပေါ် တစ်စုံတစ်ရာထူးခြားမယ်လို့ ထင်မြင်တာကြောင့် သတင်းထူးကို စောင့်ဆိုင်းနေတာလို့ မန္တလေးတိုင်း အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် က ပြောပါတယ်။

“ကျနော်တို့ကတော့ အဲဒီနေ့ကတော့ တင်ပြလိုက်တာပေါ့လေ။ ကျနော်တို့တင်ပြချက်ကို ဘယ်လောက် အတိုင်းအတာအထိ စဉ်းစားပြီး ဘာများလုပ်ပေးနိုင်မလဲဆိုတာကတော့ ဒါမနေ့တနေ့ကမှကိစ္စလေ။ လူကြီးတွေအနေနဲ့လည်း သူတို့အနေနဲ့ အဆင့်ဆင့်တော့ မေးတာစုံစမ်းတာလုပ်မှာပေါ့။ ဒါကျနော်တို့ မျှော်လင့်ချက်ပေါ့။”

ဗလီတွေပြန်ဖွင့်ခွင့်ရဖို့ ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုမှုတွေအပေါ် တပ်မတော်အနေနဲ့ ဘယ်လိုဆောင် ရွက်သွားဖို့ရှိမလဲလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာ တပ်မတော်အနေနဲ့ စည်းလုံးညီညွတ်မှုအတွက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွား မှာဖြစ်တယ်လို့ RFA ကိုပြောထားပါတယ်။

ဘာသာရေးအထိကရုဏ်းတွေရှိခဲ့တဲ့ မန္တလေးတိုင်းအပြင် ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာလည်း ဗလီတွေ ပိတ်ခံထားရတာတွေရှိပါတယ်။

စစ်တွေမြို့မှာဆိုရင် လက်ရှိမှာ မွတ်စလင် ၁ သိန်း ၂ နှစ်သောင်းလောက်ရှိပြီး မွတ်စလင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ ဗလီနှစ်ခုသာဖွင့်ထားတာရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ကစပြီး ဗလီ ၂၀ ကျော်လောက် ပိတ်ခဲ့ရတာနဲ့ ဖျက်ခံခဲ့ရတာတွေရှိခဲ့တယ်လို့ စစ်တွေမြို့ခံ ဦးကျော်လှအောင် က ပြောပါတယ်။

သူက ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်တွေကို လာစေချင်ပြီး ပိတ်ခံထားရတဲ့ သူတို့ဗလီတွေကို လာကြည့်စေ ချင်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်တွေမြို့ပေါ်မှာ ဘယ်ဗလီမှ ဖွင့်ခွင့်မရဘူး။ အဲဒါကို လာကြည့်ရင်ကောင်းမယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အဲဒါမှသိမယ်။ စစ်တွေကို လာပြီးတော့ ကြည့်စေချင်တယ် ”

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုဒ်ရာသီဟာ ရက် ၃၀ ခန့်ကြာမြင့်ပြီး လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ဥပုဒ်ကာလကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လာမယ့် ဥပုဒ်ရာသီမတိုင်ခင် ပိတ်ထားရတဲ့ ဗလီတွေ ပြန်ဖွင့်ခွင့်ရရေး အစ္စလာမ်ဘာရေးခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org