ရန်ကုန်က ဘာသာစုံကျောင်းတွေကို ဗိုလ်ချုပ်မှူးကြီး လှူဒါန်း
2019.09.17

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့ ခရစ်ယာန်ကက်သလစ် ဘိုးဘွား ရိပ်သာ၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ဇဖရ်ရှားဒရ်ဂူဗိမာန်၊ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်း တို့ကို ဒီနေ့သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။ ဗဟန်းမြို့နယ်မှာရှိတဲ့ ဇီဝိတဒါန သံဃဆေးရုံ၊ ညောင်တုန်းကျောင်း တိုက်တို့မှာလည်း အလှူအတန်း ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ ဇဖရ်ရှားဒရ်ဂူဗိမာန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံရာမှာတော့ ကာကွယ်ရေးဦးစီးချုပ်က ဘာသာလူမျိုး မခွဲခြားဘဲ နိုင်ငံသားဖြစ်မှုကို အလေးထားကြောင်း ပြောကြားခဲ့တယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင် က ပြောပါတယ်။
“ မြန်မာပြည်ဟာ မတူကွဲပြားတဲ့လူတွေနေတာကို လုံးဝအသိအမှတ်ပြုတယ်၊ မတူကွဲပြားမှုက ပြဿနာ မဟုတ်ဘူး၊ နိုင်ငံသားဖြစ်ဖို့က ပြဿနာဖြစ်တယ်၊ နိုင်ငံသားဖြစ်တယ်ဆိုရင် ဘယ်သူကိုမဆို နိုင်ငံသား အခွင့်အရေး အပြည့်အဝပေးကိုပေးရမယ်၊ နိုင်ငံသားဖြစ်ခြင်းဟာ တိုင်းပြည်အပေါ်သစ္စာရှိဖို့ဖြစ်တယ်၊ တိုင်းပြည်မှာ ဘာသာလူမျိုးမခွဲခြားဘဲနဲ့ နိုင်ငံသားဖြစ်မှုကို မူတည်ပြီးတော့ သူသဘောထားတယ်ဆိုတာကို ပြောတယ်”
ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေအတွက် တပ်မတော်မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာက စွပ်စဲွဲနေပြီး နိုင်ငံတကာစစ်ခုံရုံး ICC တင်ဖို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။
ဒီလိုဖိအားတွေကြောင့် အစ္စလာမ်၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေကို သွားရောက်လှူဒါန်းတာလို့ ဝေဖန်သူတချို့လည်း ရှိပါတယ်။
လူ့အခွင့်အရေးကိစ္စတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေး ပြောတာက
“နိုင်ငံတကာဖိအားက ဒီလောက်လုပ်ရုံနဲ့လည်း ရှောင်လို့မရဘူးဆိုတာ သူတို့လည်း သဘောပေါက်မယ် ထင်တယ်၊ သို့သော်လည်းဘဲ အတတ်နိုင်ဆုံးတော့ ပြည်တွင်းမှာရှိတဲ့ ဘာသာရေးလူနည်းစုလို့ခေါ်မှာပေါ့ မွတ်စလင်တွေကော၊ ခရစ်ယာန်တွေကော ဒီလူတွေနဲ့ကြားမှာ ပြေပြေလည်လည်ရှိထားရင်တော့ ခုနတုန်း ကကြုံနေရတဲ့စိန်ခေါ်မှုတွေ ဖြေရှင်းတဲ့နေရာမှာ ပိုပြီးတော့ အထောက်အကူဖြစ်မယ်လို့ ယူဆပုံရတယ်၊ ဒါကြောင့်မို ဒီလို့လုပ်တယ်လို့မြင်တယ်”
အစ္စလာမ်၊ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာတွေကို လှူဒါန်းတာတွေနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်းနဲ့ ဒီလို လှူဒါန်းတာတွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခ မတိုင်ခင်ကတည်းက ပြုလုပ်သင့်တယ်လို့လည်း ကိုမိုဃ်းသွေးက ပြောပါတယ်။
ကိုဖီအာနန် မကွယ်လွန်ခင်က ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကတော့ ဘာသာရေးမခွဲခြားဘဲ လှူဒါန်းတာဟာ ဘာသာရေး ရှုထောင့်ကနေ ကောင်းတဲ့အလုပ်ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။
“ေြပာချင်တာပြောပါစေ ဒီကိစ္စက ကျနော်တို့အတွက် ကြိုဆိုရမယ်ကိစ္စုဖြစ်တယ်၊ ဘာသာတရားမခွဲခြားဘဲ လာရောက်လှူဒါန်းတာက ကျနော်တို့ဘာသာရေးရှုထောင့်က ဘယ်လိုမှမကောင်းဘူးလို့ ပြောလို့မရဘူး၊ ကျနော်အမြင်ကတော့ အဲလိုဘဲမြင်ပါတယ် တခြားရည်ရွယ်ဘာလည်းဆိုတာ ကျနော်တို့ဉာဏ်လည်းမမှီဘူး၊ သိလည်းမသိဘူး၊ မှန်ကန်သောလမ်းကြောင်းပေါ်က ခြေတစ်လှမ်းကို ကြိုဆိုပါတယ်”
တပ်မတော်အနေနဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် လှူဒါန်းတယ်ဆိုတဲ့ ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာ မှာတော့ အခုလို ပြောပါတယ်။
“အဓိကတော့မဟုတ်ပါဘူး၊ ကျနော်တို့လက်နက်ကိုင်တွေတောင် ငြိမ်းချမ်းရေးဆောင်ရွက်နေတာရှိတယ်၊ ဘာလို့ဆောင်ရွက်နေရတုန်းဆိုတာ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် ဒါတွေကဆောင်ရွက်ရတာ ရှိတယ်၊ ဒီလို့ပါဘဲ ကျနော်တို့နိုင်ငံမှာလည်း ခုချိန်မှာ စည်းလုံးညီညွတ်ဖို့ လိုနေတဲ့အချိန်ဖြစ်တယ်၊ ဒါကြောင့်မို့ နိုင်ငံရေးအရစည်းလုံးမှု၊ လူမှုရေးအရစည်းလုံးမှု၊ဘာသာရေးအရစည်းလုံးမှု၊ လိုအပ်တဲ့အချိန်မှာ လိုအပ်လို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်”
ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒီနေ့တွေဆုံပွဲမှာ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေက ဗလီတွေ ပြန်ဖွင့်ရရေးအတွက် အကူအညီပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ယခင်ကတော့ တပ်မတော်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရေး အဆောက်အအုံ၊ အဖွဲ့အစည်းတွေကိုသာ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း နေပြည်တော်နဲ့ မန္တလေးမြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတချို့၊ ဗလီတချို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက် လှူဒါန်းခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)